fbpx

ခဲန်းချင်းဂျိရုဟင်းချို

ဟင်းသီးဟင်းရွက်တွေ အများကြီးနဲ့ ချက်ပြုတ်တဲ့ ဂျပန်စတိုင်ဟင်းချို ချက်နည်းကို မိတ်ဆက်ပါမယ်။

ခဲန်းချင်းဂျိရု (Kenchin-jiru) ဟင်းချိုဟာ မူလအစတုန်းက အဓိဌာန်တရားကျင့်တဲ့ ဘုန်းတော်ကြီးတွေအတွက် ချက်ပြုတ်ပေးတဲ့ အသားငါးမပါတဲ့ ဟင်းလျာကနေ အစပြုခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာတော့ ဟင်းသီးဟင်းရွက်တွေကို ဆီသတ်ပြီးတော့ ဘိုနီတိုငါးခြောက် (သို့မဟုတ်) ပုစွန်ခြောက်နဲ့ ဒါ့ရှိငါးအချိုမှုန့်၊ ရှီအိသားကေး လို့ခေါ်တဲ့ မှိုကနေရတဲ့ အရသာရည်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းချိုရည်ကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။


၄ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • မုန်လာဥဖြူ (၁၅၀) ဂရမ် (၄ စင်တီမီတာခန့်)
  • မုန်လာဥနီ (၇၀)ဂရမ် (တစ်ပိုင်း)
  • ပိန်းဥ (၂) လုံး
  • ရှီအိသားကေးမှိုခြောက် (၂) ခု
  • ပဲပြား (၁၅၀) ဂရမ် တစ်တုံး
  • နှမ်းဆီ စားပွဲတင်ဇွန်း (၂) ဇွန်း
  • ဘိုနီတိုငါးခြောက်ပြုတ်ရည် (သို့မဟုတ်) ဒါ့ရှိငါးမှုန့်အချိုရည် (၈၀၀ မီလီလီတာ)
လိုအပ်သောပစ္စည်းများ


(ဒါ့ရှိအချိုရည်လုပ်ရန်)

  • ရှီအိသားကေးမှိုအချိုရည် (သို့မဟုတ်) ဘိုနီတိုငါးအချိုရည် (သို့မဟုတ်) ပုစွန်ခြောက်ပြုတ်ရည် (၁၀၀ မီလီလီတာ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း (၁) ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းဝက်
  • ကြက်သွန်နီမြိတ် (၂) ပင်
  • သံပုရာခွံ အနည်းငယ်
  • ငရုတ်သီးမှုန့် အနည်းငယ်

Time Needed : 30 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ပဲပြားကို ဆေးမယ်။

    လက်နဲ့ (၂) စင်တီမီတာ ပတ်လည်ရှိတဲ့ ပဲပြားတုံးလေးတွေရအောင် ဖဲ့လိုက်ပြိး ရေစစ်ဖို့ ဇကာပေါ်တင်ထားပါ။

  2. မုန်လာဥကို ပြင်ဆင်ပါ။

    မုန်လာဥဖြူကို အခွံသင်ပြီး အလျားလိုက် လှီးလိုက်ပါ။ အလျားလိုက် လေးပိုင်းရအောင် ထပ်လှီးလိုက်ပါ။ ပြီးရင် လေးပိုင်းကို တန်းစီထားပြီး (၅) မီလီမီတာ အပိုင်းလေးတွေ တုံးပါ။ မုန်လာဦနီကို အခွံခွါ။ အလျားလိုက် ထက်ခြမ်းခြမ်းပြီး (၄) မီလီမီတာအရွယ် ပါးပါးလေးနဲ့ အပြားလိုက်လေးတွေ လှီးပါ။

  3. ပိန်းဥကို ခွာမယ်။

    ပိန်းဥကို ရေဆေးပြီး ရေသုတ်ပြီးမှ အခွံခွါပါ။ (၅) မီလီမီတာအထူအရွယ် လှီးပြီး ဇလုံထဲထည့်ပါ။ ပိန်းဥပေါ် ဆားနည်းနည်းဖြူးပြီး လက်နဲ့နယ်ပေးပါ။ ပြီးရင် ဆားနဲ့ အကျိအချွဲတွေကို စင်​အောင် ပိန်းဥကို ရေဆေးလိုက်ပါ။

  4. မှိုကို လှီးမယ်။

    ရေထဲမှာ တစ်ညစိမ်ထားတဲ့ ရှီအိသားကေးမှိုခြောက်တွေကို ဆယ်ယူပြီး ရေညှစ်ချလိုက်ပါ။ ရှီအိသားကေးမှိုခြောက်စိမ်ခဲ့တဲ့ ရေတွေကို ဟင်းချိုရည်ထဲ ထည့်မှာမို့ သိမ်းထားလိုက်ပါ။ မှိုရိုးတံတွေကို ဖြတ်တောက်ဖယ်ရှားပြီး မှိုပွင့်ကို (၁) မီလီမီတာအရွယ်လေးတွေရအောင် ပါးပါးလှီးပါ။

  5. ကြက်သွန်မြိတ်ကို လှီးမယ်။

    အမွှေးနံ့နဲ့ အရသာပိုကောင်းဖို့အတွက် ကြက်သွန်မြိတ်ကို နုတ်နုတ်စင်းပါ။ သံပုရာခွံရဲ့ ခါးတဲ့ အတွင်းပိုင်းက အဖြူရောင်အသားတွေကို ခြစ်ထုတ်ပစ်ပြီး ပါးပါးလှီးထားပါ။

  6. ဆီသတ်မယ်။

    ဒယ်အိုးထဲမှာ နှမ်းဆီထည့်ပြီး ဆီပူလာရင် မုန်လာဥအဖြူနဲ့ အနီကို ဆီသတ်ပါ။ ဆီနှံ့သွားအောင် လှိမ့်ပြီးတဲ့အခါ ပိန်းဥထည့်ပါ။ နောက်ဆုံးမှာ ရှီအိသားကေးမှိုနဲ့ ပဲပြားတို့ကို ထည့်ပြီး ဆီနဲ့ လှိမ့်ပေးပါ။

  7. တည်မယ်။

    ထည့်မယ့်ပစ္စည်းတွေကို ဆီသတ်ပြီးတဲ့အခါ ဘိုနီတိုဒါရှိအချိုရည် (သို့မဟုတ်) ပုဇွန်ခြောက်ပြုတ်အချိုရည်နဲ့ ရှီအိသားကေး မှိုခြောက်စိမ်ထားတဲ့အရည် (၁၀၀) မီလီလီတာကို လောင်းထည့်ပါ။ မီးအနေတော်နဲ့ ပွက်တဲ့အထိ ဆက်တည်ပါ။ ပွက်လာရင် မီးလျှော့ပြီး ပဲငံပြာရည်ထည့်ပြီး အဖုံးအုပ်ပေးထားပါ။ မိနစ် (၂၀) လောက် မီးအေးအေးနဲ့ ဆူအောင်ထားပါ။

  8. သုံးဆောင်လို့ရပါပြီ

    မိနစ် (၂၀) ​လောက်ကြာတဲ့အခါ ဟင်းသီးဟင်းရွက်တွေ အနေတော်ကျက်နေပြီလားဆိုတာ စမ်းကြည့်ပါ။ နူးသွားရင် ဟင်းရည်ကို မြည်းကြည့်ပြီး မီးမပိတ်ခင် အရသာ နည်းနည်းလေးဖို့အတွက် ဆားနည်းနည်း ထည့်ပေးပါ။ ပန်းကန်လုံးထဲကို ဟင်းချိုထည့်ပြီး ကြက်သွန်မြိတ်နဲ့ သံပုရာခွံလေးတွေ နုတ်နုတ်စင်းထားတာကို ဖြူးပေးပါ။ အစပ်ကြိုက်ရင် ငရုတ်သီးအလှော်​​မှုန့်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

ကြက်ဥခေါက်ကြော်နဲ့ထမင်း (Omurice)

အုံးမုရိုက်စု ဆိုတာ ဂျပန်မှာ ထွင်လိုက်တဲ့ ဟင်းလျာပါ။ ပြင်သစ်မှာ စပေါ်ခဲ့တဲ့ အုံးမလက် ကြက်ဥခေါက်ကြော်နဲ့ ဂျပန်ကထွင်ထားတဲ့ အနောက်တိုင်းဟင်းလျာဖြစ်တဲ့ ကြက်သားထမင်းကို ပေါင်းစပ်ထားတာပါ။

အုံးမုရိုက်စု ပေါ်လာခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ လောက်က ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒါကတော့ ဂျပန်က တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီးနောက် နှစ်၅ဝလောက်အကြာ အနောက်တိုင်းအစားအစာ ဂျပန်မှာ တစ်စတစ်စ လူကြိုက်များလာနေတဲ့ အချိန်မှာ ဖြစ်ပါတယ်။

Omurice ကိုနောက်ပိုင်းမှာ လှပအောင် စားချင့်စဖွယ်ပြင်ဆင်လာကြပါတယ်။

ဂျပန်ကလူတွေဟာ အနောက်တိုင်း ဟင်းလျာတွေကို မိမိတို့စိတ်ကြိုက်အရသာဖြစ်အောင် ပြင်ဆင်ပြီး ပုံစံသစ် အနောက်တိုင်း ဟင်းလျာတွေကို တီထွင်ဖန်တီးလာခဲ့ကြပါတယ်။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ထမင်း(ပူပူနွေးနွေး) ၆ဝဝ ဂရမ်
  • ကြက်သွန်နီ ၁၂ဝ ဂရမ်
  • ကြက်သား ၁၂ဝ ဂရမ်
  • ထောပတ် ၃ဝ ဂရမ်
  • ခရမ်းချဉ်သီးဆော့စ် ၁ဝဝ မီလီလီတာ
  • ကြက်ဥ ၆ လုံး
  • ဆီ ၄ဝ မီလီလီတာ
  • ဆား အနည်းငယ်
  • ငရုတ်ကောင်း အနည်းငယ်
  • ဟင်းပွဲပြင်ချိန်တွင်ဆမ်းရန် ခရမ်းချဉ်သီးဆော့စ် အနည်းငယ်

Time needed: 20 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ကြက်သွန်လှီးပါ။

    ကြက်သွန်နီကို ၁စင်တီမီတာ အတုံးလေးတွေလှီးပါ။ ကြက်သားကိုလည်း ၁စင်တီမီတာ လေးထောင့်အတုံးတွေ တုံးပြီး ဆား၊ ငရုတ်ကောင်း ဖြူးပါ။

  2. ကြော်ပါ။

    ဒယ်အိုးပြားမှာ ထောပတ်ထည့်ပြီး အပူပေး၊ ကြက်သွန်နီကို အရောင်ကြည်လာတဲ့အထိ မီးပျော့ပျော့နဲ့ ကြော်ပါ။ ပြီးရင် ကြက်သားကိုထည့်ပြီး ကျက်တဲ့အထိကြော်ပါ။ အဲဒီနောက် ခရမ်းချဉ်သီးဆော့စ်ကို ထည့်ပြီးကြော်ပါ။

  3. ထမင်းပြင်ပါ။

    မီးကိုပိတ်ပြီး ဒယ်အိုးထဲကို ထမင်းပူပူထည့်၊ လုံးခဲမနေအောင် ဖွပေးရင်း အစာတွေနဲ့ ရောပါ။ သမသွားပြီဆိုရင် ဆား၊ ငရုတ်ကောင်းတွေ ထည့်ပြီး အရသာကို မြည်းရင်း မီးအနေတော်နဲ့ကြော်ပါ။ အဲဒီ ကြက်သားထမင်းကို လေးခုစာအညီခွဲ၊ တစ်ယောက်စာ ပန်းကန်ထဲထည့်ပြီး မီးဖိုချောင်သုံး ပလတ်စတစ်ဖလင်ပြားနဲ့ အုပ်ပြီး ဗာဒံစေ့ပုံဖေါ်ပါ။

  4. ကြက်ဥပြင်ပါ။

    ကြက်ဥ၆လုံးကို ဇလုံထဲ ဖေါက်ထည့် ကြိုးမျှင်လို အရာတွေကို ဖယ်ပစ်ပါ။ ဆား နည်းနည်း ထည့်ပြီး ခေါက်မွှေပါ။ မွှေထားတဲ့ ကြက်ဥတွေကို ၄ခါစာအညီခွဲထားပါ။

  5. ကြော်မယ်။

    အချင်း၂ဝစင်တီမီတာရှိတဲ့ ဒယ်အိုးပြားကို မီးအနေတော်နဲ့ အပူပေး၊ ဆီ လက်ဖက်ရည်ဇွန်း၂ဇွန်းထည့်ပြီး အိုးတစ်ပြင်လုံး ဆီနှံ့အောင်ဖြန့်ပေးပါ။ တစ်ယောက်စာ ကြက်ဥအရည်ကို အိုးထဲထည့်ပါ။ ခက်ရင်းနဲ့ သွက်သွက်လေး၂ကြိမ်လောက် မွှေပေးလိုက်ပြီးရင် အိုးကို မီးကနေ ၁ဝစင်တီမီတာလောက် အပေါ်ကို မြှောက်လိုက်ပြီး ကြက်ဥတွေ တပြေးညီ ဖြစ်သွားအောင် အိုးကိုစောင်းပြီးဖြန့်ပေးပါ။ ကြက်ဥတွေကျက်ပြီဆိုရင် မီးကိုပိတ်ပြီး ဗာဒံစေ့ပုံဖေါ်ထားတဲ့ ထမင်းကို အိုးရဲ့ အလယ်မှာ တင်လိုက်ပါ။

  6. သုံးဆောင်နိုင်ပါပြီ။

    ကြက်ဥကြော် အနားတစ်ဖက်ကို ခက်ရင်းကို သုံးပြီး အိုးကနေခွာယူပြီး ထမင်းပေါ်ကို အုပ်လိုက်ပါ။ ဆန့်ကျင်ဘက်အနားကိုလည်း အလားတူခွာယူပြီး ထမင်းပေါ်ကို အုပ်ပါ။ ဒယ်အိုးပေါ်မှာ ပန်းကန်ပြားကို မှောက်အုပ်လိုက်ပါ။ ပန်းကန်ပြားကို ဖိထားရင်း ဒယ်အိုးကို မှောက်လှန်လိုက်ပါ။ ပန်းကန်ပြားထဲက အုံးမုရိုက်စုကို မီးဖိုချောင်သုံးစက္ကူကို သုံးပြီး သပ်သပ်ရပ်ရပ် ဗာဒံစေ့ပုံပုံဖေါ်၊အပေါ်ကနေ ခရမ်းချဉ်သီးဆော့စ်ကို ဆမ်းလိုက်ရင် ရပါပြီ။

မာကိဇူရှီ (Makizushi)

မာကိဇူရှီကို ဧပြီလကျောင်းစတက်တဲ့ပွဲလို မင်္ဂလာရှိတဲ့ အချိန်တွေမှာ ချက်စားလေ့ရှိကြပါတယ်။

ရှာလကာရည်နဲ့ လုပ်ထားတဲ့ ထမင်းပေါ်မှာ ငါးနဲ့ ဟင်းသီးဟင်းရွက် စတာတွေကို တင်ပြီး နိုရီပင်လယ်ရေမှော် အပြားနဲ့ လိပ်ထားတာပါ။

ဒီကနေ့တော့ တူနာငါးသေတ္တာ၊ ဟင်းသီးဟင်းရွက်နဲ့ ကြက်ဥစတဲ့ လွယ်လွယ်ရနိုင်တဲ့ အစာတွေကို သုံးထားတဲ့ ဆူရှီလိပ် လုပ်နည်းကို မိတ်ဆက်ပေးပါမယ်။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ဆန်                 ၃၀၀ ဂရမ်
  • ရေ                  ၄၀၀ မီလီလီတာ

ဆူရှီ စူး (ဆူရှီ ရှာလကာရည်)အတွက်

  • ရှာလကာရည်         စားပွဲဇွန်း ၃ ဇွန်း
  • သကြား              စားပွဲဇွန်း ၂ ဇွန်း
  • ဆား         လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ         ၁ လုံး (၁၀၀ ဂရမ်)
  • သကြား              စားပွဲဇွန်း ၁ ဇွန်း
  • ဆား       လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
  • ရေ                  ၂၀၀ မီလီလီတာ
ပါဝင်ပစ္စည်းများ
  • ကြက်ဥ                  ၂ လုံး
  • သကြား              စားပွဲဇွန်း ၁ ဇွန်း
  • ဆား       အနည်းငယ်
  • ရှောယု ဂျပန်ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
  • ရေ                  စားပွဲဇွန်း ၁ ဇွန်း
  • ဆီ           လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သခွားသီး                ၁ လုံး
  • တူနာ ငါးသေတ္တာ         ၇၀ ကီလိုဂရမ်
  • နိုရီ ပင်လယ်ရေမှော်ပြား   ၄ ပြား (အလျားရောအနံပါ ၂၀စင်တီမီတာခန့် အရွယ်)  

Time needed: 30 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ထမင်းပြင်မယ်။

    ဆူရှီ ထမင်းကို လုပ်ပါမယ်။ ဆန်တည်နည်းကို အင်တာနက် စာမျက်နှာမှာ ရှိတဲ့ “တိုရိနို တယ်ရီယာကီ” ကိုကြည့်ပါ။

  2. ဆူရှီရှာလကာရည်ကို လုပ်မယ်။

    ထမင်းနဲ့ ရောဖို့ ဆူရှီစူး(ဆူရှီ ရှာလကာရည်)ကို လုပ်ပါမယ်။ အိုးသေးသေး တစ်လုံးမှာ ရှာလကာရည်၊ သကြား၊ ဆားတွေကို ထည့်ပြီး ကောင်းကောင်းရောမွှေပါ။

  3. ထမင်းနယ်ပါ။

    ဇလုံတစ်လုံးထဲမှာ ပူပူနွေးနွေး ထမင်းကိုထည့်၊ ဆူရှီစူးနဲ့ရောပြီး ၁မိနစ်၊၂မိနစ်လောက် နယ်ပါ။ နယ်ပြီးရင် ယပ်တောင်နဲ့ ခပ်ပေးပြီး အအေးခံပါ။ ပြီးရင် ၄ခုစာ ခွဲထားပါ။

  4. မုန်လာဥနီပြုတ်မယ်။

    မုန်လာဥနီကို အခွံနွှာ၊ မျက်နှာပြင်က ၁စင်တီမီတာရှိတဲ့ အချောင်းရှည်ရှည်ဖြစ်အောင် လှီးပါ။ ပြီးရင် အိုးတစ်လုံးထဲမှာ ရေထည့်ပြီး မီးအနေတော်နဲ့တည်၊ ဆူလာရင် မီးကိုလျော့၊ အဖုံးအုပ်ပြီး ၅မိနစ်ပြုတ်ပါ။ ၅မိနစ်ပြည့်ရင် သကြားနဲ့ဆားထည့်၊ အဖုံးအုပ်ပြီး နောက်ထပ် ၇မိနစ်ပြုတ်ပါ။ ပြီးရင် မီးကို ပိတ်ပြီး အရသာစိမ့်ဝင်အောင် ဒီအတိုင်း ထားပါ။

  5. ကြက်ဥကြော်မယ်။

    Tamagoyaki ကြက်ဥကြော်ကို လုပ်ပါမယ်။ ဇလုံတစ်လုံးမှာ သကြား၊ဆား၊ ရှောယု ပဲငံပြာရည် နဲ့ ရေကိုထည့်ပြီး ကောင်းကောင်းမွှေပါ။ တခြား ဇလုံတစ်လုံးမှာ ကြက်ဥကို ဖောက်ထည့်ပြီး ခေါက်မွှေပါ။ ကြက်ဥထဲကို သကြား၊ဆား စတာတွေကို ရောမွှေထားတဲ့ အရသာအရည်ကိုထည့်ပါ။ ဒယ်အိုးပြားကို မီးအနေတော်နဲ့ အပူပေးပြီး ဆီကိုထည့်၊ နှံ့သွားအောင် လုပ်ပြီးရင် ကြက်ဥအားလုံးကို တစ်ခါတည်း ထည့်လိုက်ပြီး သွက်သွက်လေး မွှေပါ။ မကျက်တကျက်ဖြစ်ရင် ဒယ်ပြားရဲ့ လက်ကိုင်ကို မြှောက်လိုက်ပြီး ကြက်ဥကို ထိပ်ပိုင်းမှာ စုသွားအောင် တွန်းလိုက်ရင်း တစ်လုံးတစ်စည်းတည်း သပ်သပ်ရပ်ရပ် ဖြစ်အောင် ပုံဖော်ပါ။ မီးပျော့ပျော့နဲ့ အတွင်းထဲအထိ ကျက်အောင် လုပ်ပြီးရင် အိုးထဲကထုတ်လိုက်ပါ။ အေးသွားရင် အရှည်လိုက် ၁စင်တီမီတာ အထူ အချောင်းပုံ လှီးပါ။

  6. လှီးမယ်။

    သခွားသီးကိုလည်း အရှည်လိုက် ၁စင်တီမီတာ အထူ အချောင်းဖြစ်အောင် လှီးပါ။

  7. တူနာငါး

    တူနာငါးကို သံဘူးထဲကထုတ်ပြီး အရည်ကို စစ်လိုက်ပါ။

  8. လိပ်ဖို့ပြင်ပါ။

    မာကီစုလို့ခေါ်တဲ့ ဆူရှီလိပ်တဲ့ ယင်းလိပ် ဒါမှမဟုတ် ခပ်မာမာ ပိတ်စကို အသင့်ပြင်ပါ။ အဲဒီ အပေါ်မှာ နိုရီပြားကို ခင်းပါ။ လက်နှစ်ဖက်ကို ရေစွတ်ပြီး လက်သုတ်ပုဝါနဲ့ နည်းနည်း သုတ်လိုက်ပြီးရင် စောစောက ၄ခုစာခွဲထားတဲ့ ဆူရှီထမင်း တစ်ခုစာကို လက်နဲ့ယူလိုက်ပါ။ နိုရီပြားရဲ့ အပေါ်ပိုင်း ၅ စင်တီမီတာလောက်ချန်ထားပြီး ထမင်းကို တင်၊ ညီညီညာညာ ပြန့်သွားအောင် ဖြန့်ပါ။

  9. အစာပလာထည့်ပါ။

    ပြီးရင် ထမင်းရဲ့ အလယ်မှာ အလျားလိုက် အစာတွေကို တင်ပါ။ နူးညံ့တဲ့ အစာက စပြီးတင်ရပါမယ်။ တူနာငါးရဲ့ ဘေးမှာ ကြက်ဥကိုထား၊ မုန်လာဥနီနဲ့ သခွားသီးကို တူနာငါးနဲ့ ကြက်ဥရဲ့ အပေါ်မှာ ထပ်တင်ပါ။

  10. လိပ်ပါ။

    မာကိစု (ဆူရှီ ယင်းလိပ်)ရဲ့ မိမိကိုယ်ဘက်က အနားကို လက်မတွေကို အောက်မှာထားပြီး ကိုင်၊ ကျန်တဲ့ လက်ချောင်းတွေနဲ့ အစာတွေကို သေသေချာချာ ဖိထားရင်း မာကိစု ကို တစ်ဖက်စွန်းအထိ ဖုံးအုပ်လိုက်ပြီး တစ်ခါတည်း လိပ်လိုက်ပါ။ လုံးသွားပြီဆိုရင် မာကိစု ပေါ်မှာ လိမ့်ပြီး သေသေသပ်သပ်ဖြစ်အောင် ပုံဖော်ပါ။ အလိပ်ရဲ့ အနားသတ်တဲ့ နေရာက အောက်ဖက်မှာ ရောက်နေအောင် ထားပါ။ ကျန်တဲ့ အလိပ် ၃လိပ် ကိုလည်း အလားတူ လုပ်ပါ။

  11. သုံးဆောင်လို့ရပါပြီ။

    ဆူရှီလိပ် တစ်လိပ်ချင်းကို ၈ ခုစာ အကွင်းလိုက် ညီညီညာညာ လှီးပါ။

ဂျပန်ဟော့ပေါ့ (Tara-Chiri )

ဆောင်းရာသီမှာ အရာသာအရှိဆုံးဖြစ်လာတဲ့ Tara ငါးနဲ့ပြုလုပ်တဲ့ Chiri ဟော့ပေါ့ကို မိတ်ဆက်ပေးမှာပါ။

Chiri ဟော့ပေါ့ဆိုတာကတော့ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲပြား စတာတွေကို ရေနဲ့ပြုတ်ပြီး ရှောက်/သံပရာ အရည် သုံးထားတဲ့ ponzu လို့ခေါ်တဲ့ ချိုချိုချဥ်ချဥ် ရှာလကာရည်နဲ့ တို့စားတဲ့ ဟော့ပေါ့ဖြစ်ပါတယ်။

အစာအားလုံး စားပြီးတဲ့အခါ မှာ ဟော့ပေါ့အိုးထဲမှာ ကျန်တဲ့ အရည်ထဲကို ထမင်းထည့်ပြီး ပြုတ်စားတဲ့ shime လို့ခေါ်တဲ့ စားနည်းကိုလည်း ပြောပြပေးသွားမှာပါ။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • Tara ငါး(ငါးကြီးဆီငါး) အသားလွှာ (၄) တုံး (၄၀၀ ဂရမ်)
  • ပဲပြား (၁) တုံး (၃၀၀ ဂရမ်)
  • မုန်ညင်းထုပ်ရွက် (၄) ရွက် (၄၀၀ ဂရမ်)
  • ဂျပန်ကြက်သွန်မြိတ် (၁) ပင်
  • (၈) စင်တီမီတာ ပတ်လည်ရှိ kombu ရေညှိခြောက်ပြားတစ်ပြား
  • ဆားအနည်းငယ်
ပါဝင်ပစ္စည်းများ

(Ponzu အချဥ်ရည်အတွက်)

  • Yuzu လိုမျိုး ရှောက်/သံပရာ အသီးရဲ့ အချဥ်ရည် စားပွဲတင်ဇွန်း (၁) ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း (၁) ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း (၂) ဇွန်း
  • ရေ စားပွဲတင်ဇွန်း (၂) ဇွန်း

(ဆန်ပြုတ်)

  • ထမင်းအေး (၁၅၀) ဂရမ်
  • ကြက်ဥ (၁) လုံး
  • ကြက်သွန်မြိတ် (၄) ပင်
  • ဆားအနည်းငယ်
  • ပဲငံပြာရည် အနည်းငယ်

Time needed: 1 hour

ကြိုတင်ပြင်ဆင်ရန်

  1. အချဥ်ရည်လုပ်ပါမယ်။

    အရင်ဆုံး ponzu အချဥ်ရည် လုပ်ပါမယ်။ yuzu လိုမျိုး ရှောက်/သံပရာသီးကို ထက်ခြမ်းခြမ်းပြီး အရည်ညှစ်ပါမယ်။ ရှောက်ရည် စားပွဲတင်ဇွန်း တစ်ဇွန်း လောက်ကို ရှာလကာရည်၊ ပဲငံပြာရည်၊ ရေတို့နဲ့ ရောပါ။

  2. ငါးကို လှီးမယ်။

    Tara ငါးကို (၃) စင်တီမီတာ (သို့မဟုတ်) (၄) စင်တီမီတာအရွယ် အသားလွှာ လေးတွေဖြစ်အောင် လှီးပါ။ ဆားကို လက်ဖက်ရည်ဇွန်းရဲ့ သုံးပုံနှစ်ပုံလောက် ဖြူးပြီး မိနစ် (၃၀) လောက် နှပ်ထားလိုက်ပါ။ ပဲပြားကို အရှည်လိုက် ထက်ခြမ်း ခြမ်းပြီး အလျား (၂) စင်တီတာရှိတဲ့ အတုံးလေးရအောင် လှီးပါ။

  3. အသီးအရွက်တွေလှီးမယ်။

    မုန်ညင်းထုပ်ရွက်ကို (၆) စင်တီမီတာ အရှည်လှီးပါ။ အဖြူရောင် ရိုးတံကို အလျား (၁) စင်တီမီတာ အရှည်လှီးပြီး အရွက်တွေကို အလျား (၂) စင်တီမီတာ လောက် လှီးပါ။ ဂျပန် ကြက်သွန်မြိတ်ကို (၅) စင်တီမီတာအရွယ် အကွင်းလိုက် လေးတွေ ဖြစ်အောင်လို့ အစောင်းလိုက်လေး လှီးပါ။ ကြက်သွန်မြိတ်ကိုလည်း နုပ်နုပ်စဉ်းပါ။

  4. တည်မယ်။

    အိုးထဲ ရေ (၁) လီတာထည့်ပါ။ Kombu ရေညှိဖတ်ကို အဝတ်စနဲ့ သုတ်လိုက်ပြီး အိုးရဲ့ အောက်ခြေကို ထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပြီး မီး အနေတော်နဲ့ အပူပေးပါ။ ရေဆူလာရင် မုန်ညင်းရွက်အရိုး ထည့်ပါ။ နောက်ပြီး မုန်ညင်းရွက်တွေ ထည့်ပါ။ ပြီးရင် ပဲပြားထည့်ပါ။

  5. မီးချိန်မယ်။

    အပေါ်ဆုံးမှာ ငါးအသားလွှာ ထည့်ပြီး (၄) မိနစ်၊ (၅) မိနစ်လောက် တည်ထားပါ။ ဟော့ပေါ့ ကျက်မသွားခင် (၁) မိနစ်အလိုလောက်မှာ ဂျပန် ကြက်သွန်မြိတ် ထည့်ပါ။ (၁) မိနစ်လောက်နေရင် မီးပိတ်လိုက်ပါ။

  6. ဟော့ပေါ့စားမယ်။

    တစ်ယောက်စာ ပန်းကန်လုံးလေးတွေထဲ ကိုယ့်ဟာကိုယ် ဟော့ပေါ့ထည့်ပြီး ponzu ချဥ်ရည် ဆမ်းကာ စားသုံးနိုင်ပါပြီ။ Ponzu ချဥ်ရည်ကို ပန်းကန်းပြားအသေးလေးထဲ ထည့်ကာ တို့ပြီးလည်း စားသုံးနိုင်ပါတယ်။

  7. ဆန်ပြုတ်

    ဟော့ပေါ့အိုးထဲမှာ ကျန်တဲ့ ဟင်းရည်နဲ့ ဆန်ပြုတ် လုပ်လို့ရပါတယ်။ အိုးထဲက ကျန်နေတဲ့ အဖတ်ကြီးတွေကို ထုတ်ပြီး ဟော့ပေါ့ရည် (၄၀၀) မီလီလီတာကို အပူပေးပါ။ ရေကို လိုအပ်သလောက် ထည့်ပါ။

  8. မြည်းကြည့်ပါ။

    ဆားနဲ့ ပဲငံပြာရည် ထပ်ထည့်ပြီး အပေါ့အငန် ညှိပါ။ ပြီးရင် ထမင်းအေးကို အိုးထဲ ထည့်ပါ။

  9. နောက်ဆုံးသုံးဆောင်နိုင်ပါပြီ။

    ပန်းကန်လုံးထဲမှာ ကြက်ဥတစ်လုံးထည့်ပြီး ခေါက်လိုက်ပါ။ တူကို ပန်းကန်လုံး နှုတ်ခမ်းနားမှာ တေ့ထားပြီး ကြက်ဥနှစ်ကို ကြိုးပုံစံနဲ့တူအောင် တူတစ်လျှောက်စီးစေကာ အိုးထဲကို ထည့်ပါ။ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်မြိတ်ကို ဖြူးပြီး မီးပိတ်လိုက်ပါ။ ဆန်ပြုတ်ကို ပန်းကန်လုံးတွေထဲ ထည့်ပြီး စားသုံးနိုင်ပါပြီ။

Miso ပဲဟင်းချို

ဒီကနေ့မှာတော့ ဂျပန်ရိုးရာအစားအစာဖြစ်တဲ့ miso ပဲဟင်းချို ချက်တဲ့နည်းကို တင်ဆက်မှာဖြစ်ပါတယ်။ ဂျပန်မှာတော့ miso ပဲဟင်းချိုကို နေ့တိုင်းလိုလို စားကြပြီး ဟင်းချိုထဲမှာ အမယ်မျိုးစုံ ထည့်ပါတယ်။

ဒီတစ်ခေါက် တင်ဆက်မယ့် ဟင်းချက်နည်းမှာတော့ honbushi လို့ခေါ်တဲ့ bonito ငါးခြောက်ကနေ ငါးအသားလွှာကို ခြစ်ယူပြီး ငါးအချိုရည် အရသာနဲ့ ချက်ထားပါတယ်။ ဟင်းချိုထဲမှာ အာလူးနဲ့ ကြက်သွန်နီကိုပါ ထည့်ချက်ထားတာပါ။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ခြစ်ပြီးသား ဘိုနီတိုငါးခြောက်ဖတ် (၁၂)ဂရမ်
  • ရေ (၉၀၀)မီလီလီတာ
ပါဝင်ပစ္စည်းများ
  • အာလူး (၁)လုံး (သို့မဟုတ်) (၁၂၀)ဂရမ်
  • ကြက်သွန်နီ အလုံးကြီး တစ်ခြမ်း (သို့မဟုတ်) ၁၀၀ဂရမ်
  • ကြက်သွန်မြိတ် အသေး (၂)ပင်
  • miso ပဲအနှစ် စားပွဲတင်ဇွန်း (၃)ဇွန်းနှင့် သုံးပုံတစ်ပုံ (သို့မဟုတ်) (၆၀)ဂရမ်

Time needed: 20 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ငါးခြောက်ကို ခြစ်ပါ။

    ပထမဦးဆုံး bonito ငါးခြောက်တုံးကနေ katsuobushi လို့ခေါ်တဲ့ ငါးခြောက်ဖတ်တွေရအောင် ခြစ်ရမှာ ဖြစ်ပါတယ်။ ငါးခြောက်တုံးကို မျက်နှာသုတ်ပုဝါအသေးစား ပူပူနဲ့ (၁၀) မိနစ်လောက်ပတ်ထားပါ။ ဓားသွားကို မိမိဘက်လှည့်ထားပြီး katsuobushi ခြစ်တဲ့ဂျစ်နဲ့ ခြစ်ပါ။ katsuobushi ခေါင်းပိုင်းကို မိမိ ဘက်မှာ လှည့်ထားပြီး ကိုင်ပါ။ ငါးခြောက်ကို ဓားသွားပေါ်တင်ပြီး ကိုယ့်ရဲ့ အရှေ့ဘက်ကို တွန်းပြီးခြစ်ပါ။ bonito ငါးခြောက်တုံး မရရင် အသင့်ခြစ်ပြီးသား ငါးခြောက်ဖတ်တွေကို သုံးလို့ရပါတယ်။

  2. ငါးအချိုရည်လုပ်မယ်။

    နောက်တစ်ခုက ဒါရှိငါးအချိုရည် လုပ်မှာပါ။ အိုးထဲကို ရေ (၉၀၀)မီလီလီတာ ထည့်လိုက်ပြီး မီးအနေတော်နဲ့ ပွက်အောင်တည်ပါ။ bonito ငါးခြောက်ဖတ်တွေကို ထည့်ပြီး မီးလျှော့လိုက်ပါ။ (၁) မိနစ်၊ (၂)မိနစ်လောက် ပြုတ်ပြီးရင် ငါးအချိုရည်ကို တစ်သျှူးခံထားတဲ့ ဇကာ ဒါမှမဟုတ် ဇကာစိတ်စိတ်လေးကို သုံးပြီး ပန်းကန်လုံးထဲကို စစ်ချလိုက်ပါ။

  3. ကြက်သွန်ကွင်းလှီးမယ်။

    ကြက်သွန်နီကို အခွံခွါပြီး (၁)စင်တီမီတာအထူအရွယ် အရှည်လိုက် ပါးပါးလေး လှီးပေးပါ။ အာလူးကို အခွံခွါပြီး (၄)စိတ်ရအောင် အရှည်လိုက် ထက်ခြမ်းခြမ်းပါ။ ပြီးရင် အာလူးကို တစောင်းထားပြီး (၁)စင်တီမီတာ အထူအရွယ်ရအောင် ကန့်လန့်ဖြတ် လှီးပေးပါ။ ကြက်သွန်မြိတ်အမြစ်ကို ဖြတ်ပြီး အကွင်းပုံစံလေးရအောင် ခပ်ပါးပါးလေး လှီးပါ။

  4. တည်မယ်။

    ဒါရှိငါးအချိုရည်၊ ကြက်သွန်နီနဲ့ အာလူးကို အိုးထဲထည့်ပြီး မီးအနေတော်တဲ့ ချက်ပါ။ ဟင်းရည် ဆူလာရင် မီးလျှော့ပြီး အိုးကို အဖုံးဖုံးထားလိုက်ပါ။ (၁၂)မိနစ်လောက် မီးအေးအေးနဲ့ ဆက်တည်ပါ။ (၁၀) မိနစ်လောက်ရှိတဲ့အခါ အဖုံးကို ခဏလှပ်ပြီး အာလူးနဲ့ ကြက်သွန်တွေ ကျက်မကျက် တံစို့နဲ့ ထိုးကြည့်ပါ။

  5. မီဆိုထည့်မယ်။

    အာလူးနဲ့ ကြက်သွန်တွေကို တံစို့နဲ့ ထိုးကြည့်လို့ရတဲ့ နူးတဲ့အနေအထားရောက်ရင် မီးဖိုအပူချိန်လျှော့ပြီး miso ပဲအနှစ်ထည့်ပါ။ miso ပဲအနှစ်ကို ပန်းကန်လုံးလေးထဲ ထည့်ပြီး အိုးထဲက ငါးအချိုရည် နည်းနည်းနဲ့ ရောပြီး အရည်ဖျော်ပေးပါ။ အဲဒီလိုမျိုး ရောမွှေထားတဲ့ miso ပဲအနှစ်ကို အိုးထဲကို ထည့်ပြီး ရောလိုက်ပါ။

  6. သုံးဆောင်လို့ရပါပြီ။

    မီးအပူရှိန် မြှင့်လိုက်ပြီး ဟင်းချိုပွက်လာအောင် တည်ပြီးရင် မီးကို ချက်ချင်းပိတ်လိုက်ပါ။ ပန်းကန်လုံးထဲကို အာလူးနဲ့ ကြက်သွန်နီတွေ အရင်ထည့်ပြီးမှ ဟင်းချိုရည် ခပ်ထည့်ပါ။ ပြီးရင် ဟင်းချို ပေါ်ကနေ တောက်တောက်စင်းထားတဲ့ ကြက်သွန်မြိတ်လေးတွေ ဖြူးပေးလိုက်ပါ။

Takoyaki မုန့်လုံးကို ဒယ်အိုးနဲ့လုပ်ကြမယ်

တာ့ကိုယာ့ကိ မုန့်လုံးက အချင်း၃ စင်တီမီတာ ဘောလုံးပုံစံပါ။ ဂျုံမှုန့်နဲ့ ကြက်ဥကို အ​ရည်ဖျော်ထားတဲ့ငါးမှုန့်ရောမွှေပြီး ရေဘဝဲကို အတုံးလေး​တွေ လှီးထည့်ပြီး သံပူခွက်ထဲမှာ ကင်ရပါမယ်။

ဒီမုန့်ကို ပုံမှန်အားဖြင့်တော့ မုန့်လင်မယားလုပ်တဲ့ သံထည်အိုးပြားနဲ့ဆင်တဲ့ စက်ဝိုင်းခြမ်းပုံခွက်ကလေးတွေ တန်းစီပါတဲ့ သံထည်အိုးပြားနဲ့ လုပ်ရပါတယ်။ ဒါပေမယ့် ဒီနေ့ ဟင်းချက်နည်းမှာတော့ ဒယ်အိုးပြားကိုပဲ အသုံးပြုပြီး ချက်တဲ့နည်းကို တင်ဆက်ပေးသွားမှာပါ။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

(တာ့ကိုယာကိ မုန့်လုံး ၂၀ အတွက် လိုအပ်တဲ့ပစ္စည်း)

  • ပြုတ်ပြီးသား ရေဘဝဲ ၁၀၀ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ရေ ၁၅၀ မီလီမီတာ
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ပုံ
  • ဂျုံမှုန့် ၁၅၀ မီလီမီတာ(၇၀ ဂရမ်ခန့်)
  • ကြက်သွန်မြိတ် ၄ ပင်
  • agedama အကြော်ကြော်တဲ့ ဆန်မှုန့် စားပွဲဇွန်း ၃ ဇွန်း (၁၅ ဂရမ်)
ပါဝင်ပစ္စည်းများ

(agedama မုန့်စာဥ မုန့်နှစ်ကြော်ဖို့အတွက်လိုအပ်တဲ့ပစ္စည်း)

  • ခေါက်ပြီးသား ကြက်ဥ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲဇွန်း ၂ ဇွန်း
  • အချဉ်စိမ်ထားတဲ့ အနီရောင်ဂျင်း(သို့) ဂျပန်ဂျင်းနု စားပွဲဇွန်း ၁ ဇွန်း
  • katsuobushi (သို့) အခြောက်ခံထားတဲ့ ငါးအသားလွှာ
  • ဆီ
  • ဆော့အနှစ် (tonkatsu ဆော့ ဒါမှမဟုတ် chunou ဆော့) သို့ မန်ကျည်းအချဉ်ရည် သို့ ငရုပ်ဆီ
  • မရိုးနိစ်

Time needed: 30 minutes

ကြိုတင်ပြင်ဆင်ရန်

  1. မုန့်နှစ်ကို လုပ်မယ်။

    ပထမဆုံး agedama (မုန့်စာဥ)ကြော်ဖို့ မုန့်နှစ်ကို လုပ်ပါမယ်။ ပန်းကန်လုံးအသေးတစ်လုံးထဲမှာ ကြက်ဥ၊ ရေနဲ့ ဂျုံမှုန့်ကို အတူတူရောမွှေထားပါ။ ပြီးရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူချိန် ၁၆၀ ဒီဂရီဆဲလ်ဆီးယက်ရောက်အောင်အပူပေး ထားလိုက်ပါ။ ဆီရဲ့အပူချိန်ကို စစ်တဲ့နည်းက​တော့ ဆီအိုးထဲကို မုန့်နှစ် တစ်စက် နှစ်စက် လောက် ထည့်ပြီး ကြော်တဲ့ နည်းပါ။ အိုးထဲကို မုန့်နှစ်ထည့်လိုက်ရင် မုန့်နှစ်က ဒယ်အိုးဖင်အထိ ကျသွားတာနဲ့ ဆီမျက်နှာပြင်ပေါ်ကို ချက်ချင်းပြန် တက်လာပြီဆိုရင် အဲဒီအပူချိန်က အ​​တော်ပါပဲ။

  2. ကြော်မယ်။

    မုန့်ညက်အားလုံးကို တစ်ခါတည်းအပြီးထည့်ပြီး ခပ်မြန်မြန်လေးရောမွှေရင်း အပိုင်းအစလေးတွေ ဖြစ်အောင် မွှေရင်းနဲ့ဖြတ်ပါ။ ဒီမုန့်နှစ်ကို အစေ့အစေ့လေးတွေ(မုန့်စာဥလိုမျိုး) ဖြစ်အောင် ၃ မိနစ် ဆီနဲ့ အကျွတ် ကြော်ပြီးရင် ဆယ်လိုက်ပြီး စက္ကူခင်းထားတဲ့ လင်ဗန်းပေါ်ကိုတင်ပြီး ဖြန့်ထားလိုက်ပါ။

  3. ရေဘဝဲနဲ့ ကြက်သွန်မြိတ်ကို လှီးမယ်။

    ရေဘဝဲတွေကို ၁ စင်တီမီတာလောက် အတုန်းလေးတွေ ပိုင်းဖြတ်ထားပါ။ ကြက်သွန်မြိတ်တွေကိုလည်း ၅ မီလီမီတာအပိုင်းလေးတွေ လှီးပါ။ အချဉ်စိမ်ထားတဲ့ အနီရောင်ဂျင်းကိုလည်း နုပ်နုပ်စဉ်းထားပါ။ ပြီးရင်တော့ katsuobushi လို့ခေါ်တဲ့ ငါးအသားလွှာ ဒါမှမဟုတ်၊ တခြားငါး တစ်မျိုးမျိုးရဲ့ အခြောက်ခံထားတဲ့ အသားလွှာတွေကို လက်နဲ့ ညင်ညင်သာသာလေး ခြေမွှထားပါ။

  4. ဂျုံနဲ့ ရောမွှေမယ်။

    ပန်းကန်လုံးတစ်လုံးထဲမှာ ခေါက်ထားတဲ့ ကြက်ဥ၊ ပဲငံပြာရည်၊ ဆားနဲ့ ရေ ဒါမှမဟုတ် ငါးအချိုရည်တစ်ဝက်ကို ထည့်ပြီး ခေါက်ထားလိုက်ပါ။ ခေါက်ပြီးသွားရင် အဲဒီထဲကို ဂျုံမှုန့် အားလုံးရောမွှေလိုက်ပြီး မွှေတာနှံ့သွားရင် ကျန်တဲ့ရေတစ်ဝက် ဒါမှမဟုတ် ငါးအချိုရည်တစ်ဝက်ကိုပါ ထည့်ပြီး ထပ် မွှေလိုက်ပါ။

  5. အားလုံးနဲ့ ရောမွှေမယ်။

    ရေဘဝဲအတုံးလေးတွေ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ katsuobushi သို့မဟုတ် အခြား ငါးအသားလွှာ နဲ့ agedama (မုန့်စာဥ) မုန့်နှစ် အကြွပ်ကြော်လေးတွေကို စားပွဲဇွန်း၃ ဇွန်း ထည့်ပြီး အားလုံးကို ရောမွှေထားပါ။

  6. ဆီပူအောင်စောင့်မယ်။

    မုန့်နှစ် အဆင်သင့်ဖြစ်ပြီဆိုရင် ဒယ်အိုးပြားထဲကို ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး အပူပေးပါ။ အပူချိန်ကို အနိမ့်ဆုံးမှာ ထားပြီးတော့ မုန်နှစ် ၁ ဇွန်းအပြည့် ဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။

  7. ကြော်မယ်။

    ပူနေတဲ့ ဒယ်အိုးပေါ်လောင်းထည့်ပြီး ကြော်တဲ့အခါ နည်းနည်းလေး မုန့်နှစ် မာလာတာနဲ့ မုန့်နှစ်ကို အလယ်တည့်တည့်မှာ အစုလိုက်လေးဖြစ်အောင် လုံးပြီး လိပ်ရမှာပါ။ ပထမတစ်ခုပြီးရင် နောက်ထပ်မုန့်နှစ် တစ်ဇွန်းထည့်ပြီး အဲဒီနည်းအတိုင်း ဆက်လုပ်ပါ။ မုန့်နှစ်ကို ဒယ်အိုးပေါ်မှာ တစ်ဖက်နဲ့ တစ်ဖက်လှန်ပြီး ကြော်တဲ့အခါ တစ်ဖက်ကို ၃ မိနစ်လောက် အပူပေးထားပြီးမှ နောက်တစ်ဖက်ကို လှည့်ကြော်ပေးပါ။

  8. သုံးဆောင်နိုင်ပါပြီ။

    ကြော်ပြီးသွားပြီဆိုရင် ပန်းကန်ပြားထဲမှာထည့်ပြီး မန်ကျည်းအချဉ်ရည် ဒါမှမဟုတ် ငရုပ်ဆီ၊ သိုမဟုတ် ဆော့နဲ့ (မရိုးနိစ်)ကို မုန့်လုံးပေါ်ကို ဆမ်းလိုက်ပါ။ အပေါ်က အခြောက်ခံထားတဲ့ ငါးတစ်မျိုးမျိုးရဲ့အသားလွှာ (သို့) katsuobushi ကို ဖြူးပြီရင်တော့ တာ့ကိုယာကိ မုန့်လုံးစားဖို့အသင့်ဖြစ်ပါပြီ။

ဂျပန်ရိုးရာ စတော်ဘယ်ရီ ကောက်ညှင်းမုန့်လုံး (Ichigo Daifuku)

Ichigo Daifuku ဆိုတာကတော့ ကောက်ညှင်းလုံးထဲမှာ ပဲချိုအနှစ်နဲ့ စတော်ဘယ်ရီတစ်လုံးကို ထာပနာထားတဲ့ ဂျပန်ရိုးရာ ချစ်စဖွယ် မုန့်လုံးဖြစ်ပါတယ်။

ပေါင်းအိုး ဒါမှမဟုတ် မိုက်ခရိုဝေ့ကို သုံးပြီး Ichigo Daifuku ပြုလုပ်ဖို့ လွယ်ကူတဲ့ နည်းလမ်းကို ပြောပြပါမယ်။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • Ichigo Daifuku လေးလုံးအတွက် လိုအပ်သောပစ္စည်းများ
  • စတော်ဘယ်ရီအသေး (၄) လုံး
  • ပဲချိုအနှစ် (anko) ၄၀ ဂရမ်
ပါဝင်ပစ္စည်းများ


ပဲချိုအနှစ် (anko) ပြုလုပ်ရန်အတွက်

  • Shiratamako / mochigome ကောက်ညှင်းဆန်မှုန့် (၅၀) ဂရမ်
  • သကြား (၁၀) ဂရမ်
  • ရေ (၇၀) ဂရမ် သို့မဟုတ် (၇၀) လီတာ
  • ကော်မှုန့်

Time needed: 15 minutes

ကြိုတင်ပြင်ဆင်ရန်

  1. မုန့်အသား လုပ်မယ်။

    အရင်ဆုံး Daifuku မုန့်အပြင်သားကို လုပ်ဖို့အတွက် mochi ကောက်ညှင်းမုန့်ညက် လုပ်ပါမယ်။ shiratamako နဲ့ သကြားကို ပန်းကန်လုံးထဲ ထည့်ပြီး မွှေလိုက်ပါ။ အသင့်ပြင်ထားတဲ့ ရေရဲ့ တစ်ဝက်ကို ထည့်ပါ။

  2. ပေါင်းမယ်။

    Shiratamako ရဲ့ အမှုန့်ထဲက အစေ့လေးတွေ ဖြစ်နေတာကို ဖိချေရင်း နယ်ပေးပါ။ အစေ့လေးတွေ အားလုံးကြေသွားရင် ကျန်တဲ့ ရေတစ်ဝက်ကို ထည့်ပြီး နယ်ပါ။ ရေနွေးငွေ့နဲ့ ပေါင်းလို့ရတဲ့ အိုးထဲကို ရေထည့်ပြီး ရေပွက်အောင် တည်ပါ။ ရေဆူလာရင် mochi မုန့်ညက်ကို ပန်းကန်လုံးထဲထားပြီး အိုးထဲမှာ ထည့်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပါ။

  3. မုန့်ညက်ကို ရယ်ဒီလုပ်မယ်။

    အိုးအဖုံး မပိတ်ခင် အိုးအဝကို အဝတ်စနဲ့ အုပ်လိုက်ပါ။ မီးအနေတော်နဲ့ မိနစ် (၂၀)လောက် ပေါင်းပါ။ မိုက်ခရိုဝေ့မီးဖိုကို သုံးတယ်ဆိုရင် ၆၀၀ ဝပ်နဲ့ တစ်မိနစ်လောက် ပေါင်းပါ။ ပေါင်းပြီးရင် mochi မုန့်ညက်ကို အပြင်ထုတ်ပြီး ရေဆွတ်ထားတဲ့ ဇွန်းပြားနဲ့ နယ်ပြီးတော့ တစ်မိနစ် ထပ်အပူပေးပြီးရင် mochi မုန့်ညက်ရပါပြီ။

  4. ပိုင်းမယ်။

    Mochi မုန့်ညက် ကို နှံ့အောင်နယ်ပြီးမှ ကော်မှုန့်ဖြူးထားတဲ့ စင်းနှီးတုံးပေါ် တင်လိုက်ပါ။ မကပ်အောင် ကော်မှုန့် ဖြူးထားတဲ့ ဓားကိုသုံးပြီး မုန့်ညက်ကို လေးပိုင်းအညီအမျှ ပိုင်းပြီးတော့ အအေးခံထားလိုက်ပါ။

  5. စတော်ဘယ်ရီနဲ့ ပဲနဲ့ ပြင်မယ်။

    စတော်ဘယ်ရီသီးတွေကို ရေဆေးပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးရင် အညှာကို ဖယ်ထားပါ။ ပဲချိုအနှစ် လေးပုံတစ်ပုံကို ပလတ်စတစ်အကြည်ပေါ်တင်ပြီး (၂) စင်တီမီတာ အရှည်လောက် ဖြစ်အောင် ပဲချိုအနှစ်ကို ဖြန့်လိုက်ပါ။ ပြီးရင် စတော်ဘယ်ရီ ၁လုံး ကို ပဲအချိုပေါ်တင်ပြီး အပေါ်က ပလတ်စတစ်နဲ့ ပြန်ပတ်ပါ။

  6. မုန့်ညက်လုံးမယ်။

    ကော်မှုန့်ကို လက်ထဲဖြူးပြီး လက်ဖဝါးပေါ်မှာ mochi မုန့်ညက်ကို (၆) စင်တီမီတာ အချင်းအရွယ် အပြားလေး ဖြစ်အောင် လုပ်ပါ။ စတော်ဘယ်ရီ ထာပနာထားတဲ့ မုန့်ချိုနှစ်ကို mochi မုန့်ညက်ပြား အလယ်မှာ ထည့်ပြီး မုန့်ညက်ကို လုံးလိုက်ပါ။

  7. သုံးဆောင်နိုင်ပါပြီ။

    စတော်ဘယ်ရီတစ်လုံးလုံး ဖုံးမိသွားအောင် မုန့်ညက်ပြားကို ဆွဲပြီး လုံးပါ။ အောက်ခြေကိုလည်း အပေါက်ပွင့်မနေအောင် မုန့်ညက်နဲ့ ပိတ်ပေးပါ။ မလိုတဲ့ ကော်မှုန့်တွေကို ခါထုတ်လိုက်ပါ။ ichigo daifuku မုန့်လုံး ရပါပြီ။

ဆယ်လ်မွန်ငါး ချန် ချန် ယာကိ (Salmon Chan Chan Yaki)

ရာသီပေါ်ဖြစ်တဲ့ သဘာဝအတိုင်းမြစ်ထဲက ဖမ်းထားတဲ့ ဆယ်လ်မွန်ငါးကိုသုံးပြီး “chan chan yaki,” လို့ခေါ်တဲ့ ဂျပန်ဟင်းလျာကို ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ မိတ်ဆက် ပေးပါမယ်။

ဟင်းသီးဟင်းရွက်တွေနဲ့ မီဆိုပဲနှစ်တွေကို ရောပြီး ဆီပူထိုးပြီးမှ ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ ဟော့ကိုင်းဒိုးက ရိုးရာ ချက်ပြုတ်နည်းကတော့ မှိုတွေနဲ့ အာလူးတွေ ထည့်ပြီး ချက်တာကြောင့် ဗိုက်ပြည့်စေပြီး ဆောင်းဦးရဲ့ အနံ့အရသာကိုလည်း အပြည့်အဝခံစားနိုင်တဲ့ စားမြိန် ဟင်းတစ်ခွက် ဖြစ်ပါတယ်။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ဆယ်လ်မွန်ငါးအရိုးထွင်ပြီးသား ၄ တုံး (၄၀၀ ဂရမ်) ၂၄ ကျပ်သား
  • အာလူး ၁ လုံး
  • ဂေါ်ဖီထုပ် ၃၀၀ ဂရမ် (၁၈ ကျပ်သား)
  • ကြက်သွန်နီ တစ်ခြမ်း
  • မှို ၁၅၀ ဂရမ် (၉ ကျပ်သား)
ပါဝင်ပစ္စည်းများ

(ဟင်းအနှစ်)

  • မီဆို ပဲနှစ် စားပွဲဇွန်း ၃ ဇွန်း
  • သကြား စားပွဲဇွန်း ၁ ဇွန်း
  • ရေ စားပွဲဇွန်း ၂ ဇွန်း
  • ထောပတ် ၂၀ ဂရမ် (၁ ကျပ်သားကျော်ကျော်)
  • ဆား၊ ငရုပ်ကောင်းနဲ့ ဆီ အနည်းငယ်စီ

Time needed: 20 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ငါးကို အရသာနယ်ပါ။

    ဆယ်လ်မွန်ငါးအတုံးတွေကို ဆား၊ ငရုပ်ကောင်းနဲ့ အရသာကို နယ်ထားပါမယ်။ အာလူးကို အခွံနွှာထား၊ ပြီးရင် အလျားလိုက်လေး ထက်ခြမ်းခြမ်းပြီးတော့ ၁၅ မိနစ်လောက် ပေါင်းထားပါမယ်။

  2. အသီးအရွက်လှီးမယ်။

    ဂေါ်ဖီထုပ်ကို ၃ စင်တီမီတာ အရွယ် လှီးပါ။ ကြက်သွန်နီကို ၁ စင်တီမီတာလောက်အထူ နုပ်နုပ်စင်းပါ။ ပြုတ်ထားတဲ့အာလူးကိုလည်း ၁ စင်တီမီတာ အရွယ် ပါးပါးလှီးထားပါ။ အဲဒါပြီးရင်တော့ မှိုကို တစ်ကိုက်စာ လှီးထားပါ။ shiitake လို မှိုအပွင့်အကြီးကြီးတွေကိုတော့ ရိုးတံကို ခြွေပြီး မှိုပွင့်ဖတ်ကို တစ်ဝက်စီ လှီးထားပါ။ shimeji လို အပြုံလိုက်ပေါက်တဲ့ မှိုတွေကိုတော့ အမြစ်ကို လှီးပြီး မှိုတွေကို နည်းနည်းချင်းစီ ဖဲ့ထုတ်ထားပါ။

  3. မီးဆိုပဲနှစ်ကို မွှေမယ်။

    မီဆိုပဲနှစ်လုပ်ဖို့ ပန်းကန်လုံးအသေးတစ်လုံးထဲမှာ မီဆိုပဲနှစ်ထည့်ပြီး သကြားနဲ့ သမအောင် မွှေထားပါ။ ပြီးရင် ရေတစ်ဝက်လောက်ထည့်ပြီး မီဆိုပဲတွေ ကျေပြီး ပျောက်သွားတဲ့အထိ မွှေလိုက်ပါ ပြီးရင် ကျန်တဲ့ရေကို ထပ်ထည့်ပြီး အနှစ်ကို ချောမွေ့နေအောင် ချေပါ။

  4. ဆီပူထိုးမယ်။

    ဒယ်အိုးအကြီးတစ်လုံးထဲမှာ ဆီနည်းနည်းထည့်ပြီး အပူပေးထားမယ်၊ ပြီးရင် ဆယ်လ်မွန်ငါးရဲ့ အရေခွံရှိတဲ့ဘက်ကစပြီး အိုးထဲကို ထည့်ပြီး မီးအနေတော်နဲ့ ဆီပူထိုးရပါမယ်။ ငါးအရောင်တစ်ဖက်က အညိုရောင်လေးသန်းလာပြီဆို တစ်ဖက်ကို လှန်ပေးပြီး မီးပိတ်လိုက်ပါမယ်။

  5. မီဆိုလောင်းမယ်။

    ဒယ်အိုးထဲက ငါးရဲ့ ဘေးပတ်လည်မှာ ထောပတ်ခဲသေးသေးလေးတွေကို ထည့်လိုက်ပါ။ ပြီးရင်တော့ ကြက်သွန်နီ၊ အာလူး၊ မှိုနဲ့ ဂေါ်ဖီ တွေကို ထည့်လိုက်ပါမယ်။ နောက်ဆုံးမှာ ဖျော်ထားတဲ့ မီဆိုပဲအနှစ်ရည်ကို အဲဒီပေါ်မှာ လောင်းထည့်လိုက်ပါမယ်။

  6. ခဲပတ်နဲ့ အုပ်မယ်။

    မီးဖိုချောင်သုံး အလူမီနီယံငွေရောင်စက္ကူအပါးကို ဒယ်အိုးပေါ်ကို အုပ်လိုက်ပါ။ ဒယ်အိုးအတွင်း နှုတ်ခမ်းသားပတ်လည်ကို ငွေရောင်စက္ကူလွှာအပါးနဲ့ ဖိပြီး လုံအောင်အုပ်ပါ။

  7. သုံးဆောင်နိုင်ပါပြီ။

    ပြီးရင်တော့ မီးဖိုက မီးကိုပြန်ဖွင့်လိုက်ပါမယ်။ ဒယ်အိုး ပူလာပြီဆိုရင် မီးဖိုရဲ့ မီးအပူချိန်ကို လျှော့လိုက်ပါ။ ပြီးရင် ၁၀ မိနစ်လောက် ပေါင်းထားပါမယ်။ ကျက်ပြီဆိုရင်တော့ ဒယ်အိုးကို စားပွဲပေါ်မှာတင်ပြီး ဒယ်အိုးထဲကနေ ပန်းကန်ထဲကို ထည့်စားလို့ရပါပြီ။

ပဲကောက်ညှင်းပေါင်း (Sekihan)

ဂျပန်နိုင်ငံမှာ ရိုးရာအခမ်းအနားပွဲတွေ၊ ဟိုးအရင်တုန်းက မင်္ဂလာပွဲတွေမှာ အမြဲပါလေ့ရှိတဲ့ Sekihan လို့ခေါ်တဲ့ ပဲကောက်ညှင်းပေါင်းကို ဘယ်လို ပြင်ဆင်ချက်ပြုတ်မလဲဆိုတာကို မိတ်ဆက်ပေးပါမယ်။

Sekihan ဆိုတာကတော့ အနီရောင်ထမင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပဲလွမ်း(azuki) ပဲကို ပြုတ်ပြီးရတဲ့ အနီရောင်အရည်နဲ့ ကောက်ညှင်းကို အရောင်ဆိုးပြီး အဲဒီ ပဲလွမ်းနဲ့ ကောက်ညှင်းပေါင်းမှာ ဖြစ်ပါတယ်။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ကောက်ညှင်းဆန် ၃၀၀ ဂရမ် (နို့ဆီဘူး ၁ ဘူး မရှိတရှိ)
  • ပဲလွမ်း ၄၀ ဂရမ် (ကျပ်သားနဲ့ဆိုရင် ၃ ကျပ်သား မရှိတရှိ)
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
ပါဝင်ပစ္စည်းများ

(နှမ်းဆားထောင်းလုပ်ဖို့အတွက်)

  • နှမ်းနက် စားပွဲဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

Time needed: 1 hour

ကြိုတင်ပြင်ဆင်ရန်

  1. ပဲကို ပြုတ်မယ်။

    ပထမဆုံး ပဲလွမ်းတွေကို ဆန်ကာထဲထည့် ရေဆေးပြီး စစ်ထားပါ။ ပြီးရင် အိုးထဲမှာ ပဲတွေကိုထည့်ပြီး ရေကို ပဲမြုပ်အောင် ထည့်ရပါမယ်။ အဲဒီနောက် ရေဆူလာတဲ့အထိ ပဲကို ပြုတ်လိုက်ပြီး ရေနွေးတွေကို သွန်ပြီး စစ်ထားလိုက်ပါ။

  2. ပဲနှပ်မယ်။

    ပြီးရင် နောက်တစ်ကြိမ် ပဲတွေကို အိုးထဲပြန်ထည့်ပြီး ရေ ၆၀၀ မီလီလီတာ(ရေနို့ဆီဘူး ၂ လုံးကျော်ကျော်) ထည့်လိုက်ပြီး မီးအနေတော်နဲ့ ပြုတ်လိုက်ပါ။ ရေနွေးဆူပွက်လာတာနဲ့ အပူချိန်ကို လျှော့၊ အိုးကို အဖုံး ဖုံးလိုက်ပြီး မီးအေးအေးနဲ့ ၁၈ မိနစ်ကနေ မိနစ် ၂၀ လောက်ထိ နှပ်ထားပါ။ ပဲတွေ ကွဲထွက်မသွားအောင်လို့ မီးအပူချိန်ကို အနိမ့်ဆုံးထားပြီး မီးအေးအေးလေးနဲ့ နှပ်ရပါမယ်။

  3. မြည်းကြည့်ပါ။

    ၁၈ မိနစ်လောက်ကြာရင် အဖုံးကိုဖွင့်ပြီး ပဲနူးပြီလားလို့ ပဲတစ်စေ့လောက်ကို စားကြည့်လိုက်ပါ။ ပဲစေ့အလယ်က မကျက်သေးတဲ့ အနေအထားမှာ မီးကို ပိတ်လိုက်ပါ။

  4. ရေစစ်ပါ။

    ဇလုံတစ်လုံးထဲမှာ ဆန်ကာကို ထပ်ပြီး ကျက်သွားပြီဖြစ်တဲ့ ပဲပြုတ်တွေကို ရေစစ်လိုက်ပြီး ပဲပြုတ်ရည်ကိုတော့ သီးသန့်ဖယ်ထားရပါမယ်။ ပဲပြုတ်တွေကို ခြောက်မသွားအောင် ပလတ်စတစ်အပါးလေးနဲ့ ဖုံးထားပါ။ ဒါမှမဟုတ် အဖုံးနဲ့ အုပ်ထားပါ။

  5. မွှေပေးမယ်။

    ပဲပြုတ်ရည်ထည့်ထားတဲ့ ဇလုံကို ရေအေးဖြည့်ထားတဲ့ ဇလုံအကြီးထဲကို ထည့်လိုက်ပြီး အအေးခံထားပါမယ်။ ပြီးရင် ယောက်ချိုဇွန်းနဲ့ ပဲပြုတ်ရည်ကို ခပ်ယူလိုက် ပြန်လောင်းချ လိုက်လုပ်ပြီး ပဲပြုတ်ရည်ကို လေနဲ့ ထိတွေ့ဓာတ်ပြုစေမယ်ဆိုရင် ပဲပြုတ်အရည်ဟာ အရောင်စိုစိုလေး ဖြစ်လာစေပါမယ်။

  6. ဆန်ဆေးပါ။

    ဆန်ကို ဆန်ကာထဲထည့်လိုက်ပြီး ဖွဖွလေးရေဆေး ပြီးမှဆန်စေ့တွေကို လက်ချောင်းတွေနဲ့ ၁၀ ကြိမ်လောက်ပွတ်ပြီး သမအောင် ဆေးရပါမယ်။ အဲဒီလို ၂ ခါလောက် ဆေးပြီး ဆန်ကာထဲမှာ ၁၀ မိနစ်လောက် ရေစစ်ထားပါ။

  7. ရေချိန်ပါ။

    ပဲပြုတ်ရည်ကို အအေးခံထားတာ အခန်းအပူချိန်လောက်ဖြစ်လာရင် အိုးထဲကို ဆန်ထည့်ပြီး ပဲပြုတ်ရည် ၃၃၀ မီလီလီတာ(ရေနို့ဆီဘူး ၁ လုံးကျော်ကျော်) လောင်းထည့်လိုက်ပါ။ ပဲပြုတ်ရည်က ၃၃၀ မီလီလီတာ မပြည့်ဘူးဆိုရင် ရိုးရိုးရေနဲ့ အဲဒီပမာဏ ပြည့်အောင် ထပ်ပေါင်း ထည့်ရပါမယ်။

  8. ချက်မယ်။

    မိနစ် ၃၀ ကနေ ၄၀ လောက် ပဲပြုတ်ရည်နဲ့ ရေစိမ်ထားပြီး ကောက်ညှင်းဆန်ပွ လာပြီဆိုရင် ဆားထည့်ပြီး မွှေလိုက်ပါမယ်။ ပြီးရင် ပဲလွမ်းတွေကို ကောက်ညှင်းဆန်အပေါ်မှာ တင်ပြီးတော့ အိုးအဖုံးကို ပိတ်လိုက်ပြီး အပူချိန်အနေတော်လောက်နဲ့ ချက်ပါမယ်။

  9. ပေါင်းမယ်။

    အိုးတည်ထားပြီး စပြီးတော့ ပွက်လာပြီဆိုရင် အပူချိန်ကို လျှော့လိုက်ပြီး မီးအေးအေးနဲ့ ၁၂ မိနစ်လောက် ဆက်ချက်ပါ။ ၁၂ မိနစ်ပြည့်ရင် မီးပိတ်လိုက်ပြီး အိုးအဖုံးကို မဖွင့်ဘဲ ရေနွေးငွေ့နဲ့ ၁၀ မိနစ်လောက် ဆက်ပေါင်းထားလိုက်ပါ။

  10. နှမ်းဆားထောင်းလုပ်မယ်။

    ဂျပန်လို ဂိုမာရှိအိုးလို့ ခေါ်တဲ့ နှမ်းဆားထောင်းလေးလုပ်ကြရအောင်။ ဒယ်အိုးပြားတစ်လုံးထဲမှာ နှမ်းနက်နဲ့ ဆားကို ထည့်ပြီး အပူချိန်နည်းနည်းနဲ့ လှော်ရပါမယ်။ ၁ မိနစ်လောက် လှော်လို့ အနံ့လေး မွှေးလာပြီဆိုရင် စာရွက်ပေါ်တင်ပြီး အအေးခံထားလိုက်ပါ။

  11. သုံးဆောင်နိုင်ပါပြီ။

    ရေနွေးငွေ့နဲ့ပေါင်းထားတဲ့ ကောက်ညှင်းပေါင်းရဲ့ အပေါ်မှာတင်ပြီး ပေါင်းထားတဲ့ ပဲလွမ်းကို ခပ်ယူပြီး ကောက်ညှင်းချည်းပဲ အထက်အောက် မွှေပေးပါ။ ပြီးရင် လင်ပန်းကျယ်ကျယ်ထဲမှာ ကောက်ညှင်းပေါင်းကို ဖြန့်ခင်းလိုက်ပြီး ပဲကို အပေါ်က ဖြူးလိုက်ပြီးရင်တော့ ပန်ကာလေနဲ့ အအေးခံလိုက်ပါမယ်။ ပြီးမှ ကောက်ညှင်းနဲ့ ပဲကို အထက်အောက်လှန်ပေးပြီး ပန်ကာလေနဲ့ နောက်တစ်ကြိမ် အအေးထပ်ခံပါ။ လုံးဝ အေးသွားပြီဆိုရင် ပန်ကန်လုံးထဲထည့် ဒါမှမဟုတ် ဂျပန်လို juubako လို့ခေါ်တဲ့ ယွန်းဘူးထဲထည့်ပြီးမှ နှမ်းဆားထောင်းလေးဖြူးပြီး စားလို့ရပါပြီ။

ဆာဘာ့ငါးနဲ့ မုန်လာဥဖြူ မိဇိုးရေးဟင်း (Mackerel Mizore-ni)

အေးမြလှတဲ့ဆောင်းရာသီမှာ ပိုမိုနူးညံ့ပြီးအရည်ရွှမ်းရွှမ်းနဲ့ စားလို့ကောင်းတဲ့ ဂျပန်လို ဒိုင်းကွန်းလို့ခေါ်တဲ့ မုန်လာဥဖြူအကြီးကြီးတွေကို သုံးထားတဲ့ဟင်းလျာ ချက်ကြည့်ရအောင်။

“မိဇိုးရေး” ဆိုတာက နှင်းတွေ ရေခဲခြစ်တွေအရည်ပျော်သလိုမျိုး နူးညံ့ပြီး အရည်ရွှမ်းတာကို ခေါ်တာပါ။ ဒိုင်ကွန်အိုးရိုးရှိ လို့ခေါ်တဲ့ မုန်လာဥဖြူကို ခြစ်နဲ့ခြစ်ပြီး ထွက်လာတဲ့ မုန်လာအနှစ်အရည်ကို သုံးချက်တဲ့ဟင်းလျာကို မိဇိုးရေးဟင်း ဆိုပြီးနာမည်ပေးလေ့ရှိပါတယ်။

ဆောင်းရာသီမှာ အဆီတွေနဲ့ဆူဖြိုးနေတဲ့ မက်ကာရယ် ဆာဘာ့ပင်လယ်ငါးကိုသုံးပြီး မိဇိုးရေး ဟင်းကို ချက်ကြည့်ကြမှာ ဖြစ်ပါတယ်။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • အရိုးထွင်ပြီးသား ဆာဘာ့ပင်လယ်ငါး ၁ ကောင်
  • မုန်လာဥဖြူ ၂၀၀ ဂရမ် (၁၂ ကျပ်သား)
  • နာဂါ့နဲဂိ လို့ခေါ်တဲ့ ဂျပန်ကြက်သွန်မြိတ်အပင်ကြီး ၈ စင်တီမီတာ
  • ယုဇု ရှောက်သံပုရာအခွံ စတုရန်း ၃ စင်တီမီတာ အပိုင်း ၁ ခု
ပါဝင်ပစ္စည်းများ
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျုံအနည်းငယ်
  • ဆီ စားပွဲဇွန်း ၁ ဇွန်း
  • ဒါးရှိဟင်းချိုရည် ၂၀၀ မီလီလီတာ ( ရေနို့ဆီဘူး ၁ ဘူး မရှိတရှိ)


(ဒါးရှိဟင်းချိုရည်ပြုလုပ်ရန်အတွက်)

  • ပဲငံပြာရည် စားပွဲဇွန်း ၂ ဇွန်း
  • သကြား စားပွဲဇွန်း ၁ ဇွန်း

Time needed: 25 minutes

ကြိုတင်ပြင်ဆင်ရန်

  1. မုန်လာဥကို ခြစ်ပါ။

    ပထမဆုံး မုန်လာဥဖြူကို ခြစ်ပါမယ်။ မခြစ်ခင် မုန်လာဥဖြူကို အခွံသင်ပြီး အလျားလိုက် တစ်ဝက်ပိုင်းပါ။ ခြစ်တစ်ခုကို ကိုင်ထားပြီး မုန်လာဥဖြူကို ရေခဲခြစ်လို အနှစ်လေးတွေရအောင် ခြစ်ရပါတယ်။

  2. ကြက်သွန်မြိတ်ကို ပြင်ဆင်ပါ။

    ဂျပန်ကြက်သွန်မြိတ်အပင်ကြီးကို အလျားလိုက် အလယ်ကနေ ဓားရာပေးပြီး အပေါ်ခွံပါးပါးလေးကို ဖယ်ထုတ်လိုက်ပါ။ အတွင်းထဲက အူတိုင်ကိုလည်း ဖယ်ထုတ်လိုက်ပါ။ အဲဒီအူတိုင်ကို နောက်ပိုင်းမှာ သုံးပါမယ်။ ရှီရာဂါနဲဂိလို့ခေါ်တဲ့ ကြက်သွန်မြိတ်အဖြူရောင်အမျှင်တွေရဖို့ ၄ စင်တီမီတာ အရှည်ပိုင်းဖြတ်လိုက်ပြီးတော့ ပါးပါး ရိတ်ရိတ်ကလေးတွေ လှီးထားပါမယ်။ ပြီးရင် ပါးပါးလှီးထားတဲ့ ဂျပန်ကြက်သွန်မြိတ်အမျှင်တွေကို ရေထဲမှာ စိမ်ထားပါမယ်။

  3. ဟင်းရည်အိုးကို ပြင်ဆင်ပါ။

    ဂျပန်ကြက်သွန်မြိတ်ရဲ့ အူတိုင်ကို ထောင့်ဖြတ်စွေစွေပါးပါးအချပ်လေးတွေ လှီးထားပါ။ ပြီးရင် ယုဇု ရှောက်သံပုရာသီးအခွံအပိုင်းလေးကို ပါးပါးနုပ်နုပ်စင်းထားပါမယ်။ ယုဇုအခွံက ၃ စတုရန်းစင်တီမီတာ လောက်ရှိတဲ့ အဝါရောင်အခွံအလွှာကိုပဲ သုံးရမှာပါ။ လေးထောင့်စပ်စပ် အခွံအချပ်လေးကို ပါးပါးလွှာလွှာ အမျှင်လေးတွေ လှီးရပါတယ်။ ဟင်းချိုရည်လုပ်ဖို့ အိုးတစ်လုံးထဲကို ပဲငံပြာရည်နဲ့ သကြားထည့်ပြီး အသာအယာပဲ ရောမွှေထားပါမယ်။

  4. ငါးကို လှီးပါ။

    အရိုးထွင်ထားတဲ့ဆာဘာ့ပင်လယ်ငါးကို စဉ်းနီတုံးပေါ်မှာ တင်တဲ့အခါ ခေါင်းကို ညာဘက်မှာထားပြီး အရေပြားဘက်ခြမ်းကို အောက်ဘက်ကထားလိုက်ပါ။ ပြီးရင် ငါးသားတုံးကို ဓားနဲ့ ၂ စင်တီမီတာလောက် စောင်းစောင်းလေး လှီးပါမယ်။ လှီးတဲ့အခါ အသားစတွေ ထွက်မသွားအောင် အသားရဲ့ အလွှာအတိုင်းလိုက်ပြီး ဓားနဲ့ ဖိဆွဲ လှီးပါ။ ငါးအရေပြားအထိ ပြတ်အောင် လှီးပါ။

  5. ငါးကို အရသာလူးပြီးနှပ်ပါ။

    လင်ပန်းတစ်ခုထဲမှာ လှီးထားတဲ့ ငါးအသားတုံးလေးတွေကို စီထည့်လိုက်ပြီး အဲဒီအပေါ်မှာ ပဲငံပြာရည်ဖျန်းလိုက်ပြီး ၅ မိနစ်လောက် နှပ်ထားလိုက်ပါ။ အစိုဓာတ်များနေရင်တော့ တစ်ရှူးနဲ့ အရည်တွေကို စုပ်ယူလိုက်ပါ။ နောက်ထပ် တခြားလင်ပန်းတစ်ခုထဲမှာ ဂျုံမှုန့်တွေကို ဖြူးလိုက်ပြီးတော့ ဆာဘာ့ပင်လယ်ငါးအတုံးလေးတွေကို တစ်ခုပြီးတစ်ခု ဂျုံမှုန့်နဲ့ ဖွဖွလူးလိုက်ပါ။

  6. ကြော်မယ်။

    လက်ကိုင်ပါတဲ့ အကြော်ဒယ်အိုးထဲကို ဆီထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ။ ဆီပူလာရင် အိုးထဲကို ဆာဘာ့ပင်လယ်ငါးတုံးလေးတွေကို ဘေးချင်းကပ် စီပြီး ထည့်လိုက်ပါ။ ဒယ်အိုးထဲကို ငါးအသားတုံးတွေအကုန်လုံးထည့်ပြီးတဲ့အချိန်မှာ မီးကို အပူချိန်လျှော့လိုက်ပါ။ ငါးအသားတုံးလေးတွေက အညိုရောင်ဖျော့ဖျော့သန်းလာပြီဆိုရင် တစ်ဖက်လှန်ပေးလိုက်ပါ။ စုစုပေါင်း အချိန် ၃ မိနစ်၊ ၄ မိနစ်လောက် ငါးကို ကြော်ရပါမယ်။

  7. ဟင်းရည်အိုးထဲကို ထည့်မယ်။

    အိုးတစ်လုံးထဲမှာ ကြက်သွန်မြိတ်အူတိုင်လှီးထားတာတွေကို ထည့်ပါ။ ပြီးရင် ဟင်းချိုရည်ထည့်ပြီး ဆူအောင် တည်ပါ။ ဟင်းရည်ဆူရင် နောက်ပြီးတော့ ရေနည်းနည်းစစ်ထားတဲ့ ခြစ်ပြီးသားမုန်လာဥဖြူတွေကို ထပ်ထည့်လိုက်ပါမယ်။ အားလုံးရောသွားပြီဆိုရင် ဟင်းချိုရည်ကို မီးပြန်ဖွင့်ပြီး နောက်တစ်ကြိမ် ထပ်ဆူအောင်တည်လိုက်ရအောင်။ ဆူလာရင် မီးပိတ်ပြီး ကြော်ပြီးသား ဆာဘာ့ငါးတုံးလေးတွေပါ ထပ်ထည့်ပြီး ဖြည်းဖြည်းလေးမွှေရပါမယ်။

  8. သုံးဆောင်နိုင်ပါပြီ။

    ကျက်ရင် ပန်းကန်ပြားတွေထဲမှာ ဆာဘာ့ငါးအသားတုံးလေးတွေကို စီထည့်လိုက်ပြီး ခြစ်ပြီးသားမုန်လာဥဖြူအမျှင်လေးတွေနဲ့ ဟင်းချိုရည်ကို လောင်းထည့်ပါမယ်။ နောက်ဆုံးမှာတော့ ကြက်သွန်မြိတ်အဖြူအမျှင်လေးတွေရယ် ပါးပါးရိတ်ရိတ်ကလေး လှီးထားတဲ့ ယုဇု ရှောက်သံပုရာသီးအခွံ နုပ်နုပ်စင်းထားတာကို ဖြူးလိုက်ပါ။