fbpx

ကြက်ဥခေါက်ကြော်နဲ့ထမင်း (Omurice)

အုံးမုရိုက်စု ဆိုတာ ဂျပန်မှာ ထွင်လိုက်တဲ့ ဟင်းလျာပါ။ ပြင်သစ်မှာ စပေါ်ခဲ့တဲ့ အုံးမလက် ကြက်ဥခေါက်ကြော်နဲ့ ဂျပန်ကထွင်ထားတဲ့ အနောက်တိုင်းဟင်းလျာဖြစ်တဲ့ ကြက်သားထမင်းကို ပေါင်းစပ်ထားတာပါ။

အုံးမုရိုက်စု ပေါ်လာခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ လောက်က ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒါကတော့ ဂျပန်က တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီးနောက် နှစ်၅ဝလောက်အကြာ အနောက်တိုင်းအစားအစာ ဂျပန်မှာ တစ်စတစ်စ လူကြိုက်များလာနေတဲ့ အချိန်မှာ ဖြစ်ပါတယ်။

Omurice ကိုနောက်ပိုင်းမှာ လှပအောင် စားချင့်စဖွယ်ပြင်ဆင်လာကြပါတယ်။

ဂျပန်ကလူတွေဟာ အနောက်တိုင်း ဟင်းလျာတွေကို မိမိတို့စိတ်ကြိုက်အရသာဖြစ်အောင် ပြင်ဆင်ပြီး ပုံစံသစ် အနောက်တိုင်း ဟင်းလျာတွေကို တီထွင်ဖန်တီးလာခဲ့ကြပါတယ်။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ထမင်း(ပူပူနွေးနွေး) ၆ဝဝ ဂရမ်
  • ကြက်သွန်နီ ၁၂ဝ ဂရမ်
  • ကြက်သား ၁၂ဝ ဂရမ်
  • ထောပတ် ၃ဝ ဂရမ်
  • ခရမ်းချဉ်သီးဆော့စ် ၁ဝဝ မီလီလီတာ
  • ကြက်ဥ ၆ လုံး
  • ဆီ ၄ဝ မီလီလီတာ
  • ဆား အနည်းငယ်
  • ငရုတ်ကောင်း အနည်းငယ်
  • ဟင်းပွဲပြင်ချိန်တွင်ဆမ်းရန် ခရမ်းချဉ်သီးဆော့စ် အနည်းငယ်

Time needed: 20 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ကြက်သွန်လှီးပါ။

    ကြက်သွန်နီကို ၁စင်တီမီတာ အတုံးလေးတွေလှီးပါ။ ကြက်သားကိုလည်း ၁စင်တီမီတာ လေးထောင့်အတုံးတွေ တုံးပြီး ဆား၊ ငရုတ်ကောင်း ဖြူးပါ။

  2. ကြော်ပါ။

    ဒယ်အိုးပြားမှာ ထောပတ်ထည့်ပြီး အပူပေး၊ ကြက်သွန်နီကို အရောင်ကြည်လာတဲ့အထိ မီးပျော့ပျော့နဲ့ ကြော်ပါ။ ပြီးရင် ကြက်သားကိုထည့်ပြီး ကျက်တဲ့အထိကြော်ပါ။ အဲဒီနောက် ခရမ်းချဉ်သီးဆော့စ်ကို ထည့်ပြီးကြော်ပါ။

  3. ထမင်းပြင်ပါ။

    မီးကိုပိတ်ပြီး ဒယ်အိုးထဲကို ထမင်းပူပူထည့်၊ လုံးခဲမနေအောင် ဖွပေးရင်း အစာတွေနဲ့ ရောပါ။ သမသွားပြီဆိုရင် ဆား၊ ငရုတ်ကောင်းတွေ ထည့်ပြီး အရသာကို မြည်းရင်း မီးအနေတော်နဲ့ကြော်ပါ။ အဲဒီ ကြက်သားထမင်းကို လေးခုစာအညီခွဲ၊ တစ်ယောက်စာ ပန်းကန်ထဲထည့်ပြီး မီးဖိုချောင်သုံး ပလတ်စတစ်ဖလင်ပြားနဲ့ အုပ်ပြီး ဗာဒံစေ့ပုံဖေါ်ပါ။

  4. ကြက်ဥပြင်ပါ။

    ကြက်ဥ၆လုံးကို ဇလုံထဲ ဖေါက်ထည့် ကြိုးမျှင်လို အရာတွေကို ဖယ်ပစ်ပါ။ ဆား နည်းနည်း ထည့်ပြီး ခေါက်မွှေပါ။ မွှေထားတဲ့ ကြက်ဥတွေကို ၄ခါစာအညီခွဲထားပါ။

  5. ကြော်မယ်။

    အချင်း၂ဝစင်တီမီတာရှိတဲ့ ဒယ်အိုးပြားကို မီးအနေတော်နဲ့ အပူပေး၊ ဆီ လက်ဖက်ရည်ဇွန်း၂ဇွန်းထည့်ပြီး အိုးတစ်ပြင်လုံး ဆီနှံ့အောင်ဖြန့်ပေးပါ။ တစ်ယောက်စာ ကြက်ဥအရည်ကို အိုးထဲထည့်ပါ။ ခက်ရင်းနဲ့ သွက်သွက်လေး၂ကြိမ်လောက် မွှေပေးလိုက်ပြီးရင် အိုးကို မီးကနေ ၁ဝစင်တီမီတာလောက် အပေါ်ကို မြှောက်လိုက်ပြီး ကြက်ဥတွေ တပြေးညီ ဖြစ်သွားအောင် အိုးကိုစောင်းပြီးဖြန့်ပေးပါ။ ကြက်ဥတွေကျက်ပြီဆိုရင် မီးကိုပိတ်ပြီး ဗာဒံစေ့ပုံဖေါ်ထားတဲ့ ထမင်းကို အိုးရဲ့ အလယ်မှာ တင်လိုက်ပါ။

  6. သုံးဆောင်နိုင်ပါပြီ။

    ကြက်ဥကြော် အနားတစ်ဖက်ကို ခက်ရင်းကို သုံးပြီး အိုးကနေခွာယူပြီး ထမင်းပေါ်ကို အုပ်လိုက်ပါ။ ဆန့်ကျင်ဘက်အနားကိုလည်း အလားတူခွာယူပြီး ထမင်းပေါ်ကို အုပ်ပါ။ ဒယ်အိုးပေါ်မှာ ပန်းကန်ပြားကို မှောက်အုပ်လိုက်ပါ။ ပန်းကန်ပြားကို ဖိထားရင်း ဒယ်အိုးကို မှောက်လှန်လိုက်ပါ။ ပန်းကန်ပြားထဲက အုံးမုရိုက်စုကို မီးဖိုချောင်သုံးစက္ကူကို သုံးပြီး သပ်သပ်ရပ်ရပ် ဗာဒံစေ့ပုံပုံဖေါ်၊အပေါ်ကနေ ခရမ်းချဉ်သီးဆော့စ်ကို ဆမ်းလိုက်ရင် ရပါပြီ။