fbpx

ဆာဘာ့ငါးနဲ့ မုန်လာဥဖြူ မိဇိုးရေးဟင်း (Mackerel Mizore-ni)

အေးမြလှတဲ့ဆောင်းရာသီမှာ ပိုမိုနူးညံ့ပြီးအရည်ရွှမ်းရွှမ်းနဲ့ စားလို့ကောင်းတဲ့ ဂျပန်လို ဒိုင်းကွန်းလို့ခေါ်တဲ့ မုန်လာဥဖြူအကြီးကြီးတွေကို သုံးထားတဲ့ဟင်းလျာ ချက်ကြည့်ရအောင်။

“မိဇိုးရေး” ဆိုတာက နှင်းတွေ ရေခဲခြစ်တွေအရည်ပျော်သလိုမျိုး နူးညံ့ပြီး အရည်ရွှမ်းတာကို ခေါ်တာပါ။ ဒိုင်ကွန်အိုးရိုးရှိ လို့ခေါ်တဲ့ မုန်လာဥဖြူကို ခြစ်နဲ့ခြစ်ပြီး ထွက်လာတဲ့ မုန်လာအနှစ်အရည်ကို သုံးချက်တဲ့ဟင်းလျာကို မိဇိုးရေးဟင်း ဆိုပြီးနာမည်ပေးလေ့ရှိပါတယ်။

ဆောင်းရာသီမှာ အဆီတွေနဲ့ဆူဖြိုးနေတဲ့ မက်ကာရယ် ဆာဘာ့ပင်လယ်ငါးကိုသုံးပြီး မိဇိုးရေး ဟင်းကို ချက်ကြည့်ကြမှာ ဖြစ်ပါတယ်။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • အရိုးထွင်ပြီးသား ဆာဘာ့ပင်လယ်ငါး ၁ ကောင်
  • မုန်လာဥဖြူ ၂၀၀ ဂရမ် (၁၂ ကျပ်သား)
  • နာဂါ့နဲဂိ လို့ခေါ်တဲ့ ဂျပန်ကြက်သွန်မြိတ်အပင်ကြီး ၈ စင်တီမီတာ
  • ယုဇု ရှောက်သံပုရာအခွံ စတုရန်း ၃ စင်တီမီတာ အပိုင်း ၁ ခု
ပါဝင်ပစ္စည်းများ
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျုံအနည်းငယ်
  • ဆီ စားပွဲဇွန်း ၁ ဇွန်း
  • ဒါးရှိဟင်းချိုရည် ၂၀၀ မီလီလီတာ ( ရေနို့ဆီဘူး ၁ ဘူး မရှိတရှိ)


(ဒါးရှိဟင်းချိုရည်ပြုလုပ်ရန်အတွက်)

  • ပဲငံပြာရည် စားပွဲဇွန်း ၂ ဇွန်း
  • သကြား စားပွဲဇွန်း ၁ ဇွန်း

Time needed: 25 minutes

ကြိုတင်ပြင်ဆင်ရန်

  1. မုန်လာဥကို ခြစ်ပါ။

    ပထမဆုံး မုန်လာဥဖြူကို ခြစ်ပါမယ်။ မခြစ်ခင် မုန်လာဥဖြူကို အခွံသင်ပြီး အလျားလိုက် တစ်ဝက်ပိုင်းပါ။ ခြစ်တစ်ခုကို ကိုင်ထားပြီး မုန်လာဥဖြူကို ရေခဲခြစ်လို အနှစ်လေးတွေရအောင် ခြစ်ရပါတယ်။

  2. ကြက်သွန်မြိတ်ကို ပြင်ဆင်ပါ။

    ဂျပန်ကြက်သွန်မြိတ်အပင်ကြီးကို အလျားလိုက် အလယ်ကနေ ဓားရာပေးပြီး အပေါ်ခွံပါးပါးလေးကို ဖယ်ထုတ်လိုက်ပါ။ အတွင်းထဲက အူတိုင်ကိုလည်း ဖယ်ထုတ်လိုက်ပါ။ အဲဒီအူတိုင်ကို နောက်ပိုင်းမှာ သုံးပါမယ်။ ရှီရာဂါနဲဂိလို့ခေါ်တဲ့ ကြက်သွန်မြိတ်အဖြူရောင်အမျှင်တွေရဖို့ ၄ စင်တီမီတာ အရှည်ပိုင်းဖြတ်လိုက်ပြီးတော့ ပါးပါး ရိတ်ရိတ်ကလေးတွေ လှီးထားပါမယ်။ ပြီးရင် ပါးပါးလှီးထားတဲ့ ဂျပန်ကြက်သွန်မြိတ်အမျှင်တွေကို ရေထဲမှာ စိမ်ထားပါမယ်။

  3. ဟင်းရည်အိုးကို ပြင်ဆင်ပါ။

    ဂျပန်ကြက်သွန်မြိတ်ရဲ့ အူတိုင်ကို ထောင့်ဖြတ်စွေစွေပါးပါးအချပ်လေးတွေ လှီးထားပါ။ ပြီးရင် ယုဇု ရှောက်သံပုရာသီးအခွံအပိုင်းလေးကို ပါးပါးနုပ်နုပ်စင်းထားပါမယ်။ ယုဇုအခွံက ၃ စတုရန်းစင်တီမီတာ လောက်ရှိတဲ့ အဝါရောင်အခွံအလွှာကိုပဲ သုံးရမှာပါ။ လေးထောင့်စပ်စပ် အခွံအချပ်လေးကို ပါးပါးလွှာလွှာ အမျှင်လေးတွေ လှီးရပါတယ်။ ဟင်းချိုရည်လုပ်ဖို့ အိုးတစ်လုံးထဲကို ပဲငံပြာရည်နဲ့ သကြားထည့်ပြီး အသာအယာပဲ ရောမွှေထားပါမယ်။

  4. ငါးကို လှီးပါ။

    အရိုးထွင်ထားတဲ့ဆာဘာ့ပင်လယ်ငါးကို စဉ်းနီတုံးပေါ်မှာ တင်တဲ့အခါ ခေါင်းကို ညာဘက်မှာထားပြီး အရေပြားဘက်ခြမ်းကို အောက်ဘက်ကထားလိုက်ပါ။ ပြီးရင် ငါးသားတုံးကို ဓားနဲ့ ၂ စင်တီမီတာလောက် စောင်းစောင်းလေး လှီးပါမယ်။ လှီးတဲ့အခါ အသားစတွေ ထွက်မသွားအောင် အသားရဲ့ အလွှာအတိုင်းလိုက်ပြီး ဓားနဲ့ ဖိဆွဲ လှီးပါ။ ငါးအရေပြားအထိ ပြတ်အောင် လှီးပါ။

  5. ငါးကို အရသာလူးပြီးနှပ်ပါ။

    လင်ပန်းတစ်ခုထဲမှာ လှီးထားတဲ့ ငါးအသားတုံးလေးတွေကို စီထည့်လိုက်ပြီး အဲဒီအပေါ်မှာ ပဲငံပြာရည်ဖျန်းလိုက်ပြီး ၅ မိနစ်လောက် နှပ်ထားလိုက်ပါ။ အစိုဓာတ်များနေရင်တော့ တစ်ရှူးနဲ့ အရည်တွေကို စုပ်ယူလိုက်ပါ။ နောက်ထပ် တခြားလင်ပန်းတစ်ခုထဲမှာ ဂျုံမှုန့်တွေကို ဖြူးလိုက်ပြီးတော့ ဆာဘာ့ပင်လယ်ငါးအတုံးလေးတွေကို တစ်ခုပြီးတစ်ခု ဂျုံမှုန့်နဲ့ ဖွဖွလူးလိုက်ပါ။

  6. ကြော်မယ်။

    လက်ကိုင်ပါတဲ့ အကြော်ဒယ်အိုးထဲကို ဆီထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ။ ဆီပူလာရင် အိုးထဲကို ဆာဘာ့ပင်လယ်ငါးတုံးလေးတွေကို ဘေးချင်းကပ် စီပြီး ထည့်လိုက်ပါ။ ဒယ်အိုးထဲကို ငါးအသားတုံးတွေအကုန်လုံးထည့်ပြီးတဲ့အချိန်မှာ မီးကို အပူချိန်လျှော့လိုက်ပါ။ ငါးအသားတုံးလေးတွေက အညိုရောင်ဖျော့ဖျော့သန်းလာပြီဆိုရင် တစ်ဖက်လှန်ပေးလိုက်ပါ။ စုစုပေါင်း အချိန် ၃ မိနစ်၊ ၄ မိနစ်လောက် ငါးကို ကြော်ရပါမယ်။

  7. ဟင်းရည်အိုးထဲကို ထည့်မယ်။

    အိုးတစ်လုံးထဲမှာ ကြက်သွန်မြိတ်အူတိုင်လှီးထားတာတွေကို ထည့်ပါ။ ပြီးရင် ဟင်းချိုရည်ထည့်ပြီး ဆူအောင် တည်ပါ။ ဟင်းရည်ဆူရင် နောက်ပြီးတော့ ရေနည်းနည်းစစ်ထားတဲ့ ခြစ်ပြီးသားမုန်လာဥဖြူတွေကို ထပ်ထည့်လိုက်ပါမယ်။ အားလုံးရောသွားပြီဆိုရင် ဟင်းချိုရည်ကို မီးပြန်ဖွင့်ပြီး နောက်တစ်ကြိမ် ထပ်ဆူအောင်တည်လိုက်ရအောင်။ ဆူလာရင် မီးပိတ်ပြီး ကြော်ပြီးသား ဆာဘာ့ငါးတုံးလေးတွေပါ ထပ်ထည့်ပြီး ဖြည်းဖြည်းလေးမွှေရပါမယ်။

  8. သုံးဆောင်နိုင်ပါပြီ။

    ကျက်ရင် ပန်းကန်ပြားတွေထဲမှာ ဆာဘာ့ငါးအသားတုံးလေးတွေကို စီထည့်လိုက်ပြီး ခြစ်ပြီးသားမုန်လာဥဖြူအမျှင်လေးတွေနဲ့ ဟင်းချိုရည်ကို လောင်းထည့်ပါမယ်။ နောက်ဆုံးမှာတော့ ကြက်သွန်မြိတ်အဖြူအမျှင်လေးတွေရယ် ပါးပါးရိတ်ရိတ်ကလေး လှီးထားတဲ့ ယုဇု ရှောက်သံပုရာသီးအခွံ နုပ်နုပ်စင်းထားတာကို ဖြူးလိုက်ပါ။