fbpx

ခဲန်းချင်းဂျိရုဟင်းချို

ဟင်းသီးဟင်းရွက်တွေ အများကြီးနဲ့ ချက်ပြုတ်တဲ့ ဂျပန်စတိုင်ဟင်းချို ချက်နည်းကို မိတ်ဆက်ပါမယ်။

ခဲန်းချင်းဂျိရု (Kenchin-jiru) ဟင်းချိုဟာ မူလအစတုန်းက အဓိဌာန်တရားကျင့်တဲ့ ဘုန်းတော်ကြီးတွေအတွက် ချက်ပြုတ်ပေးတဲ့ အသားငါးမပါတဲ့ ဟင်းလျာကနေ အစပြုခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာတော့ ဟင်းသီးဟင်းရွက်တွေကို ဆီသတ်ပြီးတော့ ဘိုနီတိုငါးခြောက် (သို့မဟုတ်) ပုစွန်ခြောက်နဲ့ ဒါ့ရှိငါးအချိုမှုန့်၊ ရှီအိသားကေး လို့ခေါ်တဲ့ မှိုကနေရတဲ့ အရသာရည်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းချိုရည်ကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။


၄ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • မုန်လာဥဖြူ (၁၅၀) ဂရမ် (၄ စင်တီမီတာခန့်)
  • မုန်လာဥနီ (၇၀)ဂရမ် (တစ်ပိုင်း)
  • ပိန်းဥ (၂) လုံး
  • ရှီအိသားကေးမှိုခြောက် (၂) ခု
  • ပဲပြား (၁၅၀) ဂရမ် တစ်တုံး
  • နှမ်းဆီ စားပွဲတင်ဇွန်း (၂) ဇွန်း
  • ဘိုနီတိုငါးခြောက်ပြုတ်ရည် (သို့မဟုတ်) ဒါ့ရှိငါးမှုန့်အချိုရည် (၈၀၀ မီလီလီတာ)
လိုအပ်သောပစ္စည်းများ


(ဒါ့ရှိအချိုရည်လုပ်ရန်)

  • ရှီအိသားကေးမှိုအချိုရည် (သို့မဟုတ်) ဘိုနီတိုငါးအချိုရည် (သို့မဟုတ်) ပုစွန်ခြောက်ပြုတ်ရည် (၁၀၀ မီလီလီတာ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း (၁) ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းဝက်
  • ကြက်သွန်နီမြိတ် (၂) ပင်
  • သံပုရာခွံ အနည်းငယ်
  • ငရုတ်သီးမှုန့် အနည်းငယ်

Time Needed : 30 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ပဲပြားကို ဆေးမယ်။

    လက်နဲ့ (၂) စင်တီမီတာ ပတ်လည်ရှိတဲ့ ပဲပြားတုံးလေးတွေရအောင် ဖဲ့လိုက်ပြိး ရေစစ်ဖို့ ဇကာပေါ်တင်ထားပါ။

  2. မုန်လာဥကို ပြင်ဆင်ပါ။

    မုန်လာဥဖြူကို အခွံသင်ပြီး အလျားလိုက် လှီးလိုက်ပါ။ အလျားလိုက် လေးပိုင်းရအောင် ထပ်လှီးလိုက်ပါ။ ပြီးရင် လေးပိုင်းကို တန်းစီထားပြီး (၅) မီလီမီတာ အပိုင်းလေးတွေ တုံးပါ။ မုန်လာဦနီကို အခွံခွါ။ အလျားလိုက် ထက်ခြမ်းခြမ်းပြီး (၄) မီလီမီတာအရွယ် ပါးပါးလေးနဲ့ အပြားလိုက်လေးတွေ လှီးပါ။

  3. ပိန်းဥကို ခွာမယ်။

    ပိန်းဥကို ရေဆေးပြီး ရေသုတ်ပြီးမှ အခွံခွါပါ။ (၅) မီလီမီတာအထူအရွယ် လှီးပြီး ဇလုံထဲထည့်ပါ။ ပိန်းဥပေါ် ဆားနည်းနည်းဖြူးပြီး လက်နဲ့နယ်ပေးပါ။ ပြီးရင် ဆားနဲ့ အကျိအချွဲတွေကို စင်​အောင် ပိန်းဥကို ရေဆေးလိုက်ပါ။

  4. မှိုကို လှီးမယ်။

    ရေထဲမှာ တစ်ညစိမ်ထားတဲ့ ရှီအိသားကေးမှိုခြောက်တွေကို ဆယ်ယူပြီး ရေညှစ်ချလိုက်ပါ။ ရှီအိသားကေးမှိုခြောက်စိမ်ခဲ့တဲ့ ရေတွေကို ဟင်းချိုရည်ထဲ ထည့်မှာမို့ သိမ်းထားလိုက်ပါ။ မှိုရိုးတံတွေကို ဖြတ်တောက်ဖယ်ရှားပြီး မှိုပွင့်ကို (၁) မီလီမီတာအရွယ်လေးတွေရအောင် ပါးပါးလှီးပါ။

  5. ကြက်သွန်မြိတ်ကို လှီးမယ်။

    အမွှေးနံ့နဲ့ အရသာပိုကောင်းဖို့အတွက် ကြက်သွန်မြိတ်ကို နုတ်နုတ်စင်းပါ။ သံပုရာခွံရဲ့ ခါးတဲ့ အတွင်းပိုင်းက အဖြူရောင်အသားတွေကို ခြစ်ထုတ်ပစ်ပြီး ပါးပါးလှီးထားပါ။

  6. ဆီသတ်မယ်။

    ဒယ်အိုးထဲမှာ နှမ်းဆီထည့်ပြီး ဆီပူလာရင် မုန်လာဥအဖြူနဲ့ အနီကို ဆီသတ်ပါ။ ဆီနှံ့သွားအောင် လှိမ့်ပြီးတဲ့အခါ ပိန်းဥထည့်ပါ။ နောက်ဆုံးမှာ ရှီအိသားကေးမှိုနဲ့ ပဲပြားတို့ကို ထည့်ပြီး ဆီနဲ့ လှိမ့်ပေးပါ။

  7. တည်မယ်။

    ထည့်မယ့်ပစ္စည်းတွေကို ဆီသတ်ပြီးတဲ့အခါ ဘိုနီတိုဒါရှိအချိုရည် (သို့မဟုတ်) ပုဇွန်ခြောက်ပြုတ်အချိုရည်နဲ့ ရှီအိသားကေး မှိုခြောက်စိမ်ထားတဲ့အရည် (၁၀၀) မီလီလီတာကို လောင်းထည့်ပါ။ မီးအနေတော်နဲ့ ပွက်တဲ့အထိ ဆက်တည်ပါ။ ပွက်လာရင် မီးလျှော့ပြီး ပဲငံပြာရည်ထည့်ပြီး အဖုံးအုပ်ပေးထားပါ။ မိနစ် (၂၀) လောက် မီးအေးအေးနဲ့ ဆူအောင်ထားပါ။

  8. သုံးဆောင်လို့ရပါပြီ

    မိနစ် (၂၀) ​လောက်ကြာတဲ့အခါ ဟင်းသီးဟင်းရွက်တွေ အနေတော်ကျက်နေပြီလားဆိုတာ စမ်းကြည့်ပါ။ နူးသွားရင် ဟင်းရည်ကို မြည်းကြည့်ပြီး မီးမပိတ်ခင် အရသာ နည်းနည်းလေးဖို့အတွက် ဆားနည်းနည်း ထည့်ပေးပါ။ ပန်းကန်လုံးထဲကို ဟင်းချိုထည့်ပြီး ကြက်သွန်မြိတ်နဲ့ သံပုရာခွံလေးတွေ နုတ်နုတ်စင်းထားတာကို ဖြူးပေးပါ။ အစပ်ကြိုက်ရင် ငရုတ်သီးအလှော်​​မှုန့်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

ဂျပန်ဟော့ပေါ့ (Tara-Chiri )

ဆောင်းရာသီမှာ အရာသာအရှိဆုံးဖြစ်လာတဲ့ Tara ငါးနဲ့ပြုလုပ်တဲ့ Chiri ဟော့ပေါ့ကို မိတ်ဆက်ပေးမှာပါ။

Chiri ဟော့ပေါ့ဆိုတာကတော့ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲပြား စတာတွေကို ရေနဲ့ပြုတ်ပြီး ရှောက်/သံပရာ အရည် သုံးထားတဲ့ ponzu လို့ခေါ်တဲ့ ချိုချိုချဥ်ချဥ် ရှာလကာရည်နဲ့ တို့စားတဲ့ ဟော့ပေါ့ဖြစ်ပါတယ်။

အစာအားလုံး စားပြီးတဲ့အခါ မှာ ဟော့ပေါ့အိုးထဲမှာ ကျန်တဲ့ အရည်ထဲကို ထမင်းထည့်ပြီး ပြုတ်စားတဲ့ shime လို့ခေါ်တဲ့ စားနည်းကိုလည်း ပြောပြပေးသွားမှာပါ။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • Tara ငါး(ငါးကြီးဆီငါး) အသားလွှာ (၄) တုံး (၄၀၀ ဂရမ်)
  • ပဲပြား (၁) တုံး (၃၀၀ ဂရမ်)
  • မုန်ညင်းထုပ်ရွက် (၄) ရွက် (၄၀၀ ဂရမ်)
  • ဂျပန်ကြက်သွန်မြိတ် (၁) ပင်
  • (၈) စင်တီမီတာ ပတ်လည်ရှိ kombu ရေညှိခြောက်ပြားတစ်ပြား
  • ဆားအနည်းငယ်
ပါဝင်ပစ္စည်းများ

(Ponzu အချဥ်ရည်အတွက်)

  • Yuzu လိုမျိုး ရှောက်/သံပရာ အသီးရဲ့ အချဥ်ရည် စားပွဲတင်ဇွန်း (၁) ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း (၁) ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း (၂) ဇွန်း
  • ရေ စားပွဲတင်ဇွန်း (၂) ဇွန်း

(ဆန်ပြုတ်)

  • ထမင်းအေး (၁၅၀) ဂရမ်
  • ကြက်ဥ (၁) လုံး
  • ကြက်သွန်မြိတ် (၄) ပင်
  • ဆားအနည်းငယ်
  • ပဲငံပြာရည် အနည်းငယ်

Time needed: 1 hour

ကြိုတင်ပြင်ဆင်ရန်

  1. အချဥ်ရည်လုပ်ပါမယ်။

    အရင်ဆုံး ponzu အချဥ်ရည် လုပ်ပါမယ်။ yuzu လိုမျိုး ရှောက်/သံပရာသီးကို ထက်ခြမ်းခြမ်းပြီး အရည်ညှစ်ပါမယ်။ ရှောက်ရည် စားပွဲတင်ဇွန်း တစ်ဇွန်း လောက်ကို ရှာလကာရည်၊ ပဲငံပြာရည်၊ ရေတို့နဲ့ ရောပါ။

  2. ငါးကို လှီးမယ်။

    Tara ငါးကို (၃) စင်တီမီတာ (သို့မဟုတ်) (၄) စင်တီမီတာအရွယ် အသားလွှာ လေးတွေဖြစ်အောင် လှီးပါ။ ဆားကို လက်ဖက်ရည်ဇွန်းရဲ့ သုံးပုံနှစ်ပုံလောက် ဖြူးပြီး မိနစ် (၃၀) လောက် နှပ်ထားလိုက်ပါ။ ပဲပြားကို အရှည်လိုက် ထက်ခြမ်း ခြမ်းပြီး အလျား (၂) စင်တီတာရှိတဲ့ အတုံးလေးရအောင် လှီးပါ။

  3. အသီးအရွက်တွေလှီးမယ်။

    မုန်ညင်းထုပ်ရွက်ကို (၆) စင်တီမီတာ အရှည်လှီးပါ။ အဖြူရောင် ရိုးတံကို အလျား (၁) စင်တီမီတာ အရှည်လှီးပြီး အရွက်တွေကို အလျား (၂) စင်တီမီတာ လောက် လှီးပါ။ ဂျပန် ကြက်သွန်မြိတ်ကို (၅) စင်တီမီတာအရွယ် အကွင်းလိုက် လေးတွေ ဖြစ်အောင်လို့ အစောင်းလိုက်လေး လှီးပါ။ ကြက်သွန်မြိတ်ကိုလည်း နုပ်နုပ်စဉ်းပါ။

  4. တည်မယ်။

    အိုးထဲ ရေ (၁) လီတာထည့်ပါ။ Kombu ရေညှိဖတ်ကို အဝတ်စနဲ့ သုတ်လိုက်ပြီး အိုးရဲ့ အောက်ခြေကို ထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပြီး မီး အနေတော်နဲ့ အပူပေးပါ။ ရေဆူလာရင် မုန်ညင်းရွက်အရိုး ထည့်ပါ။ နောက်ပြီး မုန်ညင်းရွက်တွေ ထည့်ပါ။ ပြီးရင် ပဲပြားထည့်ပါ။

  5. မီးချိန်မယ်။

    အပေါ်ဆုံးမှာ ငါးအသားလွှာ ထည့်ပြီး (၄) မိနစ်၊ (၅) မိနစ်လောက် တည်ထားပါ။ ဟော့ပေါ့ ကျက်မသွားခင် (၁) မိနစ်အလိုလောက်မှာ ဂျပန် ကြက်သွန်မြိတ် ထည့်ပါ။ (၁) မိနစ်လောက်နေရင် မီးပိတ်လိုက်ပါ။

  6. ဟော့ပေါ့စားမယ်။

    တစ်ယောက်စာ ပန်းကန်လုံးလေးတွေထဲ ကိုယ့်ဟာကိုယ် ဟော့ပေါ့ထည့်ပြီး ponzu ချဥ်ရည် ဆမ်းကာ စားသုံးနိုင်ပါပြီ။ Ponzu ချဥ်ရည်ကို ပန်းကန်းပြားအသေးလေးထဲ ထည့်ကာ တို့ပြီးလည်း စားသုံးနိုင်ပါတယ်။

  7. ဆန်ပြုတ်

    ဟော့ပေါ့အိုးထဲမှာ ကျန်တဲ့ ဟင်းရည်နဲ့ ဆန်ပြုတ် လုပ်လို့ရပါတယ်။ အိုးထဲက ကျန်နေတဲ့ အဖတ်ကြီးတွေကို ထုတ်ပြီး ဟော့ပေါ့ရည် (၄၀၀) မီလီလီတာကို အပူပေးပါ။ ရေကို လိုအပ်သလောက် ထည့်ပါ။

  8. မြည်းကြည့်ပါ။

    ဆားနဲ့ ပဲငံပြာရည် ထပ်ထည့်ပြီး အပေါ့အငန် ညှိပါ။ ပြီးရင် ထမင်းအေးကို အိုးထဲ ထည့်ပါ။

  9. နောက်ဆုံးသုံးဆောင်နိုင်ပါပြီ။

    ပန်းကန်လုံးထဲမှာ ကြက်ဥတစ်လုံးထည့်ပြီး ခေါက်လိုက်ပါ။ တူကို ပန်းကန်လုံး နှုတ်ခမ်းနားမှာ တေ့ထားပြီး ကြက်ဥနှစ်ကို ကြိုးပုံစံနဲ့တူအောင် တူတစ်လျှောက်စီးစေကာ အိုးထဲကို ထည့်ပါ။ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်မြိတ်ကို ဖြူးပြီး မီးပိတ်လိုက်ပါ။ ဆန်ပြုတ်ကို ပန်းကန်လုံးတွေထဲ ထည့်ပြီး စားသုံးနိုင်ပါပြီ။

Miso ပဲဟင်းချို

ဒီကနေ့မှာတော့ ဂျပန်ရိုးရာအစားအစာဖြစ်တဲ့ miso ပဲဟင်းချို ချက်တဲ့နည်းကို တင်ဆက်မှာဖြစ်ပါတယ်။ ဂျပန်မှာတော့ miso ပဲဟင်းချိုကို နေ့တိုင်းလိုလို စားကြပြီး ဟင်းချိုထဲမှာ အမယ်မျိုးစုံ ထည့်ပါတယ်။

ဒီတစ်ခေါက် တင်ဆက်မယ့် ဟင်းချက်နည်းမှာတော့ honbushi လို့ခေါ်တဲ့ bonito ငါးခြောက်ကနေ ငါးအသားလွှာကို ခြစ်ယူပြီး ငါးအချိုရည် အရသာနဲ့ ချက်ထားပါတယ်။ ဟင်းချိုထဲမှာ အာလူးနဲ့ ကြက်သွန်နီကိုပါ ထည့်ချက်ထားတာပါ။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ခြစ်ပြီးသား ဘိုနီတိုငါးခြောက်ဖတ် (၁၂)ဂရမ်
  • ရေ (၉၀၀)မီလီလီတာ
ပါဝင်ပစ္စည်းများ
  • အာလူး (၁)လုံး (သို့မဟုတ်) (၁၂၀)ဂရမ်
  • ကြက်သွန်နီ အလုံးကြီး တစ်ခြမ်း (သို့မဟုတ်) ၁၀၀ဂရမ်
  • ကြက်သွန်မြိတ် အသေး (၂)ပင်
  • miso ပဲအနှစ် စားပွဲတင်ဇွန်း (၃)ဇွန်းနှင့် သုံးပုံတစ်ပုံ (သို့မဟုတ်) (၆၀)ဂရမ်

Time needed: 20 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ငါးခြောက်ကို ခြစ်ပါ။

    ပထမဦးဆုံး bonito ငါးခြောက်တုံးကနေ katsuobushi လို့ခေါ်တဲ့ ငါးခြောက်ဖတ်တွေရအောင် ခြစ်ရမှာ ဖြစ်ပါတယ်။ ငါးခြောက်တုံးကို မျက်နှာသုတ်ပုဝါအသေးစား ပူပူနဲ့ (၁၀) မိနစ်လောက်ပတ်ထားပါ။ ဓားသွားကို မိမိဘက်လှည့်ထားပြီး katsuobushi ခြစ်တဲ့ဂျစ်နဲ့ ခြစ်ပါ။ katsuobushi ခေါင်းပိုင်းကို မိမိ ဘက်မှာ လှည့်ထားပြီး ကိုင်ပါ။ ငါးခြောက်ကို ဓားသွားပေါ်တင်ပြီး ကိုယ့်ရဲ့ အရှေ့ဘက်ကို တွန်းပြီးခြစ်ပါ။ bonito ငါးခြောက်တုံး မရရင် အသင့်ခြစ်ပြီးသား ငါးခြောက်ဖတ်တွေကို သုံးလို့ရပါတယ်။

  2. ငါးအချိုရည်လုပ်မယ်။

    နောက်တစ်ခုက ဒါရှိငါးအချိုရည် လုပ်မှာပါ။ အိုးထဲကို ရေ (၉၀၀)မီလီလီတာ ထည့်လိုက်ပြီး မီးအနေတော်နဲ့ ပွက်အောင်တည်ပါ။ bonito ငါးခြောက်ဖတ်တွေကို ထည့်ပြီး မီးလျှော့လိုက်ပါ။ (၁) မိနစ်၊ (၂)မိနစ်လောက် ပြုတ်ပြီးရင် ငါးအချိုရည်ကို တစ်သျှူးခံထားတဲ့ ဇကာ ဒါမှမဟုတ် ဇကာစိတ်စိတ်လေးကို သုံးပြီး ပန်းကန်လုံးထဲကို စစ်ချလိုက်ပါ။

  3. ကြက်သွန်ကွင်းလှီးမယ်။

    ကြက်သွန်နီကို အခွံခွါပြီး (၁)စင်တီမီတာအထူအရွယ် အရှည်လိုက် ပါးပါးလေး လှီးပေးပါ။ အာလူးကို အခွံခွါပြီး (၄)စိတ်ရအောင် အရှည်လိုက် ထက်ခြမ်းခြမ်းပါ။ ပြီးရင် အာလူးကို တစောင်းထားပြီး (၁)စင်တီမီတာ အထူအရွယ်ရအောင် ကန့်လန့်ဖြတ် လှီးပေးပါ။ ကြက်သွန်မြိတ်အမြစ်ကို ဖြတ်ပြီး အကွင်းပုံစံလေးရအောင် ခပ်ပါးပါးလေး လှီးပါ။

  4. တည်မယ်။

    ဒါရှိငါးအချိုရည်၊ ကြက်သွန်နီနဲ့ အာလူးကို အိုးထဲထည့်ပြီး မီးအနေတော်တဲ့ ချက်ပါ။ ဟင်းရည် ဆူလာရင် မီးလျှော့ပြီး အိုးကို အဖုံးဖုံးထားလိုက်ပါ။ (၁၂)မိနစ်လောက် မီးအေးအေးနဲ့ ဆက်တည်ပါ။ (၁၀) မိနစ်လောက်ရှိတဲ့အခါ အဖုံးကို ခဏလှပ်ပြီး အာလူးနဲ့ ကြက်သွန်တွေ ကျက်မကျက် တံစို့နဲ့ ထိုးကြည့်ပါ။

  5. မီဆိုထည့်မယ်။

    အာလူးနဲ့ ကြက်သွန်တွေကို တံစို့နဲ့ ထိုးကြည့်လို့ရတဲ့ နူးတဲ့အနေအထားရောက်ရင် မီးဖိုအပူချိန်လျှော့ပြီး miso ပဲအနှစ်ထည့်ပါ။ miso ပဲအနှစ်ကို ပန်းကန်လုံးလေးထဲ ထည့်ပြီး အိုးထဲက ငါးအချိုရည် နည်းနည်းနဲ့ ရောပြီး အရည်ဖျော်ပေးပါ။ အဲဒီလိုမျိုး ရောမွှေထားတဲ့ miso ပဲအနှစ်ကို အိုးထဲကို ထည့်ပြီး ရောလိုက်ပါ။

  6. သုံးဆောင်လို့ရပါပြီ။

    မီးအပူရှိန် မြှင့်လိုက်ပြီး ဟင်းချိုပွက်လာအောင် တည်ပြီးရင် မီးကို ချက်ချင်းပိတ်လိုက်ပါ။ ပန်းကန်လုံးထဲကို အာလူးနဲ့ ကြက်သွန်နီတွေ အရင်ထည့်ပြီးမှ ဟင်းချိုရည် ခပ်ထည့်ပါ။ ပြီးရင် ဟင်းချို ပေါ်ကနေ တောက်တောက်စင်းထားတဲ့ ကြက်သွန်မြိတ်လေးတွေ ဖြူးပေးလိုက်ပါ။

Takoyaki မုန့်လုံးကို ဒယ်အိုးနဲ့လုပ်ကြမယ်

တာ့ကိုယာ့ကိ မုန့်လုံးက အချင်း၃ စင်တီမီတာ ဘောလုံးပုံစံပါ။ ဂျုံမှုန့်နဲ့ ကြက်ဥကို အ​ရည်ဖျော်ထားတဲ့ငါးမှုန့်ရောမွှေပြီး ရေဘဝဲကို အတုံးလေး​တွေ လှီးထည့်ပြီး သံပူခွက်ထဲမှာ ကင်ရပါမယ်။

ဒီမုန့်ကို ပုံမှန်အားဖြင့်တော့ မုန့်လင်မယားလုပ်တဲ့ သံထည်အိုးပြားနဲ့ဆင်တဲ့ စက်ဝိုင်းခြမ်းပုံခွက်ကလေးတွေ တန်းစီပါတဲ့ သံထည်အိုးပြားနဲ့ လုပ်ရပါတယ်။ ဒါပေမယ့် ဒီနေ့ ဟင်းချက်နည်းမှာတော့ ဒယ်အိုးပြားကိုပဲ အသုံးပြုပြီး ချက်တဲ့နည်းကို တင်ဆက်ပေးသွားမှာပါ။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

(တာ့ကိုယာကိ မုန့်လုံး ၂၀ အတွက် လိုအပ်တဲ့ပစ္စည်း)

  • ပြုတ်ပြီးသား ရေဘဝဲ ၁၀၀ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ရေ ၁၅၀ မီလီမီတာ
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ပုံ
  • ဂျုံမှုန့် ၁၅၀ မီလီမီတာ(၇၀ ဂရမ်ခန့်)
  • ကြက်သွန်မြိတ် ၄ ပင်
  • agedama အကြော်ကြော်တဲ့ ဆန်မှုန့် စားပွဲဇွန်း ၃ ဇွန်း (၁၅ ဂရမ်)
ပါဝင်ပစ္စည်းများ

(agedama မုန့်စာဥ မုန့်နှစ်ကြော်ဖို့အတွက်လိုအပ်တဲ့ပစ္စည်း)

  • ခေါက်ပြီးသား ကြက်ဥ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲဇွန်း ၂ ဇွန်း
  • အချဉ်စိမ်ထားတဲ့ အနီရောင်ဂျင်း(သို့) ဂျပန်ဂျင်းနု စားပွဲဇွန်း ၁ ဇွန်း
  • katsuobushi (သို့) အခြောက်ခံထားတဲ့ ငါးအသားလွှာ
  • ဆီ
  • ဆော့အနှစ် (tonkatsu ဆော့ ဒါမှမဟုတ် chunou ဆော့) သို့ မန်ကျည်းအချဉ်ရည် သို့ ငရုပ်ဆီ
  • မရိုးနိစ်

Time needed: 30 minutes

ကြိုတင်ပြင်ဆင်ရန်

  1. မုန့်နှစ်ကို လုပ်မယ်။

    ပထမဆုံး agedama (မုန့်စာဥ)ကြော်ဖို့ မုန့်နှစ်ကို လုပ်ပါမယ်။ ပန်းကန်လုံးအသေးတစ်လုံးထဲမှာ ကြက်ဥ၊ ရေနဲ့ ဂျုံမှုန့်ကို အတူတူရောမွှေထားပါ။ ပြီးရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူချိန် ၁၆၀ ဒီဂရီဆဲလ်ဆီးယက်ရောက်အောင်အပူပေး ထားလိုက်ပါ။ ဆီရဲ့အပူချိန်ကို စစ်တဲ့နည်းက​တော့ ဆီအိုးထဲကို မုန့်နှစ် တစ်စက် နှစ်စက် လောက် ထည့်ပြီး ကြော်တဲ့ နည်းပါ။ အိုးထဲကို မုန့်နှစ်ထည့်လိုက်ရင် မုန့်နှစ်က ဒယ်အိုးဖင်အထိ ကျသွားတာနဲ့ ဆီမျက်နှာပြင်ပေါ်ကို ချက်ချင်းပြန် တက်လာပြီဆိုရင် အဲဒီအပူချိန်က အ​​တော်ပါပဲ။

  2. ကြော်မယ်။

    မုန့်ညက်အားလုံးကို တစ်ခါတည်းအပြီးထည့်ပြီး ခပ်မြန်မြန်လေးရောမွှေရင်း အပိုင်းအစလေးတွေ ဖြစ်အောင် မွှေရင်းနဲ့ဖြတ်ပါ။ ဒီမုန့်နှစ်ကို အစေ့အစေ့လေးတွေ(မုန့်စာဥလိုမျိုး) ဖြစ်အောင် ၃ မိနစ် ဆီနဲ့ အကျွတ် ကြော်ပြီးရင် ဆယ်လိုက်ပြီး စက္ကူခင်းထားတဲ့ လင်ဗန်းပေါ်ကိုတင်ပြီး ဖြန့်ထားလိုက်ပါ။

  3. ရေဘဝဲနဲ့ ကြက်သွန်မြိတ်ကို လှီးမယ်။

    ရေဘဝဲတွေကို ၁ စင်တီမီတာလောက် အတုန်းလေးတွေ ပိုင်းဖြတ်ထားပါ။ ကြက်သွန်မြိတ်တွေကိုလည်း ၅ မီလီမီတာအပိုင်းလေးတွေ လှီးပါ။ အချဉ်စိမ်ထားတဲ့ အနီရောင်ဂျင်းကိုလည်း နုပ်နုပ်စဉ်းထားပါ။ ပြီးရင်တော့ katsuobushi လို့ခေါ်တဲ့ ငါးအသားလွှာ ဒါမှမဟုတ်၊ တခြားငါး တစ်မျိုးမျိုးရဲ့ အခြောက်ခံထားတဲ့ အသားလွှာတွေကို လက်နဲ့ ညင်ညင်သာသာလေး ခြေမွှထားပါ။

  4. ဂျုံနဲ့ ရောမွှေမယ်။

    ပန်းကန်လုံးတစ်လုံးထဲမှာ ခေါက်ထားတဲ့ ကြက်ဥ၊ ပဲငံပြာရည်၊ ဆားနဲ့ ရေ ဒါမှမဟုတ် ငါးအချိုရည်တစ်ဝက်ကို ထည့်ပြီး ခေါက်ထားလိုက်ပါ။ ခေါက်ပြီးသွားရင် အဲဒီထဲကို ဂျုံမှုန့် အားလုံးရောမွှေလိုက်ပြီး မွှေတာနှံ့သွားရင် ကျန်တဲ့ရေတစ်ဝက် ဒါမှမဟုတ် ငါးအချိုရည်တစ်ဝက်ကိုပါ ထည့်ပြီး ထပ် မွှေလိုက်ပါ။

  5. အားလုံးနဲ့ ရောမွှေမယ်။

    ရေဘဝဲအတုံးလေးတွေ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ katsuobushi သို့မဟုတ် အခြား ငါးအသားလွှာ နဲ့ agedama (မုန့်စာဥ) မုန့်နှစ် အကြွပ်ကြော်လေးတွေကို စားပွဲဇွန်း၃ ဇွန်း ထည့်ပြီး အားလုံးကို ရောမွှေထားပါ။

  6. ဆီပူအောင်စောင့်မယ်။

    မုန့်နှစ် အဆင်သင့်ဖြစ်ပြီဆိုရင် ဒယ်အိုးပြားထဲကို ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး အပူပေးပါ။ အပူချိန်ကို အနိမ့်ဆုံးမှာ ထားပြီးတော့ မုန်နှစ် ၁ ဇွန်းအပြည့် ဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။

  7. ကြော်မယ်။

    ပူနေတဲ့ ဒယ်အိုးပေါ်လောင်းထည့်ပြီး ကြော်တဲ့အခါ နည်းနည်းလေး မုန့်နှစ် မာလာတာနဲ့ မုန့်နှစ်ကို အလယ်တည့်တည့်မှာ အစုလိုက်လေးဖြစ်အောင် လုံးပြီး လိပ်ရမှာပါ။ ပထမတစ်ခုပြီးရင် နောက်ထပ်မုန့်နှစ် တစ်ဇွန်းထည့်ပြီး အဲဒီနည်းအတိုင်း ဆက်လုပ်ပါ။ မုန့်နှစ်ကို ဒယ်အိုးပေါ်မှာ တစ်ဖက်နဲ့ တစ်ဖက်လှန်ပြီး ကြော်တဲ့အခါ တစ်ဖက်ကို ၃ မိနစ်လောက် အပူပေးထားပြီးမှ နောက်တစ်ဖက်ကို လှည့်ကြော်ပေးပါ။

  8. သုံးဆောင်နိုင်ပါပြီ။

    ကြော်ပြီးသွားပြီဆိုရင် ပန်းကန်ပြားထဲမှာထည့်ပြီး မန်ကျည်းအချဉ်ရည် ဒါမှမဟုတ် ငရုပ်ဆီ၊ သိုမဟုတ် ဆော့နဲ့ (မရိုးနိစ်)ကို မုန့်လုံးပေါ်ကို ဆမ်းလိုက်ပါ။ အပေါ်က အခြောက်ခံထားတဲ့ ငါးတစ်မျိုးမျိုးရဲ့အသားလွှာ (သို့) katsuobushi ကို ဖြူးပြီရင်တော့ တာ့ကိုယာကိ မုန့်လုံးစားဖို့အသင့်ဖြစ်ပါပြီ။

Dago-jiru လို့ခေါ်တဲ့ အရေးပေါ်အစားအစာ

ဂျပန်နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အချိန်မှာ ဒုက္ခရောက်နေကြတဲ့ လူတွေကို အစားအစာဝေငှဖို့လိုအပ်တဲ့အတွက် အစားအစာတွေကို အများကြီး အတူတကွ ချက်ပြုတ်ကြပါတယ်။

အဲဒီလို ချက်ပြုတ်တာကို ဂျပန်လို “takidashi” လို့ ခေါ်ပါတယ်။ ဒီအစီအစဉ်ကနေ လူကြိုက်များတဲ့ takidashi ဟင်း dago-jiru ဂျုံလုံးစွပ်ပြုတ်ကို ဘယ်လိုချက်ပြုတ်မလဲဆိုတာ ပြောပြ သွားမှာပါ။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ၁၂၀၀ မီလီလီတာ ဒါးရှိလို့ ခေါ်တဲ့ အသီးအရွက်ပြုတ်ဟင်းချိုအတွက် လိုအပ်တဲ့ပစ္စည်းများ
  • ရှီအိတာကဲ မှိုခြောက်မွှေး ၂ ပွင့်
  • မုန်လာဥဖြူ ၁၅၀ ဂရမ် (၉ ကျပ်သား)
  • မုန်လာဥနီ ၁၀၀ ဂရမ် (သို့) ဥ သေး တစ်ဥ (၆ ကျပ်သား)
  • ဘာဒေါ့လို့ခေါ်တဲ့ ဂေါ်ဘိုးအမြစ် ၅၀ ဂရမ် (သို့) ၂ ပုံ ၁ ပုံ (၃ ကျပ်သား)
  • ကြက်သွန်မြိတ် အသေး ၂ ပင်
ပါဝင်ပစ္စည်းများ

(ဒန်ဂို ဂျုံလုံးလုပ်ဖို့အတွက်)

  • ဂျုံ ၁၀၀ ဂရမ် (၆ ကျပ်သား)
  • ဆားအနည်းငယ်
  • ရေနွေး ၅၀ မီလီလီတာ (ရေနို့ဆီဘူး ၄ ပုံ ၁ ပုံ မရှိတရှိ)

Time needed: 30 minutes

ကြိုတင်ပြင်ဆင်ရန်

  1. မှိုကို‌ ရေစိမ်ပါ။

    ပထမဆုံး ရေနွေး ၂၀၀ မီလီလီတာ (ရေနို့ဆီဘူး ၁ ဘူးမရှိတရှိ) ထဲမှာ ရှီအိတာကဲ မှိုခြောက်ကို ပြန်စိုလာအောင် ၁ နာရီကနေ ၂ နာရီထိ စိမ်ထားရပါမယ်။

    တကယ်လို့ အချိန်ရမယ်ဆိုရင်တော့ မှိုတွေကို ရေအေးနဲ့ တစ်ည အရင် စိမ်ထားပါ။ အဲဒီလို ရေစိမ်လိုက်တဲ့အတွက် မှိုတွေက အိဖောင်းလာပါလိမ့်မယ်။

  2. ဂျုံနှပ်ပါ။

    ဂျုံလုံးစွပ်ပြုတ်လုပ်ဖို့အတွက် ဇလုံကြီးတစ်လုံးထဲမှာ ဂျုံတွေကို ထည့်ထားပါ။ နောက်ထပ် ဇလုံတစ်ခုထဲမှာ ဆားအနည်းငယ် (၁ ပွင့် ၂ ပွင့်လောက်) ထည့်ထားပြီး အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယက်စ် ရှိတဲ့ ရေနွေးကို လောင်းထည့်ပါ။

    ပြီးရင် မွှေလိုက်ပြီး ဆားအရည်ပျော်သွားတဲ့အခါ အဲဒီရေနွေးတွေကို ဂျုံထည့်ထားတဲ့ ဇလုံထဲကို လောင်းထည့်ပြီး တူနဲ့ သမအောင် မွှေပါ။ မွှေလို့ ရေနွေးနဲ့ ဂျုံက အတော်လေး သမ လောက်ပြီဆိုရင် လက်နဲ့ နယ်ပေးရပါမယ်။

    နယ်ပြီးရင် အဲဒီဂျုံထည့်ထားတဲ့ ဇလုံကို မီးဖိုချောင်သုံး ပလတ်စတစ် အကြည်နဲ့ ဒါမှမဟုတ် ရေစို ပုဝါတစ်ခုနဲ့ အုပ်ထားပြီး ဂျုံ မုန့်ညက်ကို ဒီအတိုင်း မိနစ် ၃၀ ထားထား ရပါမယ်။

  3. ဂေါ်ဘိုးအမြစ်များကို လှီးသင်ပါ။

    နောက်ထပ်လုပ်ရမှာကတော့ ဘာဒေါ့လို့ခေါ်တဲ့ ဂေါ်ဘိုးအမြစ်အပေါ်ယံက အမွှေးလေးတွေကို ဓားရဲ့ အသွားဘက်ကမဟုတ်တဲ့ ဘက်နဲ့ ခြစ်ချပါ။ မျက်နှာပြင် အဖြူရောင် ပေါ်လာပြီဆိုရင် ရေဆေးလိုက်ပါ။

    ပြီးရင် ဂေါ်ဘိုးအမြစ်ရဲ့ ထိပ်ဘက်ကို ၃ စင်တီမီတာကနေ ၄ စင်တီမီတာလောက် အရှည်ရှိတဲ့ အချပ်လေးတွေရအောင် ခဲတံချွန်သလိုမျိုး ပါးပါး လှီးလိုက်ပါမယ်။ လှီးပြီးတာနဲ့ ဂေါ်ဘိုးအမြစ်တွေကို ရေဇလုံထဲမှာ ချက်ချင်း စိမ်ထားရပါမယ်။

  4. ဟင်းသီးဟင်းရွက်များလှီးပါ။

    မုန်လာဥနီနဲ့ မုန်လာဥဖြူကိုတော့ အခွံသင်ပါမယ်။ ပြီးရင် အရှည်အတိုင်း တစ်ဝက်စီ ပိုင်းလိုက်ပြီး၊ ပိုင်းထားတဲ့ အပိုင်းတွေကို တစ်ဝက်ပြန်ပြီး အတုံးလေးတွေလှီးမယ်။

    မုန်လာဥနီကို ၄ မီလီမီတာနဲ့ မုန်လာဥဖြူကို ၅ မီလီမီတာ အရွယ်လှီးရပါမယ်။ ရှီအိတာကဲ မှိုကိုတော့ မှိုအရိုးကို နုပ်နုပ်စင်းပြီး မှိုပွင့်ချပ်ကိုတော့ အချပ်လေးတွေလှီးထားပါမယ်။ မှိုစိမ်ထားတဲ့ အရည်တွေကို နောက်ပိုင်းပြန်သုံးမှာဖြစ်တဲ့အတွက် သိမ်းထားရပါမယ်။

    ကြက်သွန်မြိတ်ကို အလျားလိုက် အရွယ်ညီညီ ၄ ပိုင်း ပိုင်းပြီး အဲဒီ ၄ ပိုင်းကို စုပြီး ပါးပါးလေး လှီးထားပါမယ်။

  5. ဟင်းရည်တည်ပါ။

    အိုးတစ်လုံးထဲကို ဒါးရှိစွပ်ပြုတ်ရည်နဲ့ ရှီအိတာကဲ မှိုစိမ်ထားတဲ့ အရည် ၁၀၀ မီလီလီတာ (ရေနို့ဆီဘူး တစ်ဝက် မရှိတရှိ) ထည့်လိုက်ပါမယ်။ အဲဒီထဲကို လှီးထားတဲ့ မုန်လာဥဖြူ၊ မုန်လာဥနီနဲ့ ရှီအိတာကဲမှိုအပြင် ရေဆေးထားတဲ့ ဂေါ်ဘိုးအမြစ်အချပ်လေးတွေကို ထည့်ပါမယ်။

    အားလုံးထည့်ပြီးသွားပြီ ဆိုရင်တော့ မီးအနေတော်နဲ့ အိုးပူလာအောင် တည်လိုက်ပါမယ်။ ရေနွေးဆူလာပြီဆိုရင်တော့ မီးလျှော့လိုက်ပြီး အိုးအပေါ်ကို တက်လာတဲ့ အမြှုပ်တွေကို အပေါ်ယံလျှပ်ပြီး ခပ်ထုတ်ရပါမယ်။

  6. ဂျုံလုံးတွေထည့်ပါမယ်။

    နောက်တစ်ဆင့်ကတော့ dango ဂျုံလုံးလေးတွေ လုပ်ပါမယ်။ နှပ်ထားတဲ့ ဂျုံမုန့်ညက်ကို လက်နဲ့ ဖဲ့ပြီး စပျစ်သီးတစ်လုံးစာ အရွယ်အလုံးလေးတွေကို လုံးပြီး အလယ်ကနေ လက်မနဲ့ ပြားသွားအောင်ဖိပြီးမှ ဟင်းရည်အိုးအလယ် တည့်တည့်ကို ထည့်ပါမယ်။

    အကျက်မြန်အောင်လို့ ဂျုံလုံးတွေကို အလယ်ကနေ ဖိပြီး အဝိုင်းပြားဖြစ်အောင်လုပ်ဖို့ မမေ့ပါနဲ့နော်။ ပြီးရင် အိုးကို အဖုံး ဖုံးထားလိုက်ပြီး မိနစ် ၃၀ လောက် မီးအေးအေးနဲ့ ဆူအောင်တည်ထားရပါမယ်။

  7. ကျက်မကျက် စစ်ဆေးပါ။

    တည်ထားတာ မိနစ် ၃၀ ကြာပြီးတဲ့နောက် dango ဂျုံလုံးတွေကို ဆယ်ယူလိုက်ပြီး ကျက် မကျက် အတွင်းထဲက အရောင်ကို ကြည့်ရပါမယ်။

    အချပ်ကလေး လှီးပြီး ကြည့်ပါ။ အတွင်းထဲက လုံးဝ အကြည်ရောင်ဖြစ်နေပြီဆိုရင်တော့ ကျက်ပါပြီ မီးပိတ်လိုက်ပါ။

  8. သုံးဆောင်နိုင်ပါပြီ။

    မီဆိုပဲနှစ်ကို ညက်ညက်ကလေးဖြစ်အောင် လက်ကိုင်ဆန်ခါနဲ့ တိုက်ပြီး စွပ်ပြုတ်အိုးထဲကို ထည့်ရပါမယ်။

    ထည့်ပြီး အိုးကို နောက်တစ်ခါ ဆူအောင် တည်လိုက်ပြီးရင်တော့ dago-jiru ဂျုံလုံးစွပ်ပြုတ်ဟင်း ကျက်သွားပါပြီ။ ပန်းကန်လုံး ထဲကိုထည့်ပြီး လှီးထားတဲ့ကြက်သွန်မြိတ်တွေကို ဖြူးလိုက်ရင်တော့ စားလို့ရပါပြီ။