fbpx

Dago-jiru လို့ခေါ်တဲ့ အရေးပေါ်အစားအစာ

ဂျပန်နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အချိန်မှာ ဒုက္ခရောက်နေကြတဲ့ လူတွေကို အစားအစာဝေငှဖို့လိုအပ်တဲ့အတွက် အစားအစာတွေကို အများကြီး အတူတကွ ချက်ပြုတ်ကြပါတယ်။

အဲဒီလို ချက်ပြုတ်တာကို ဂျပန်လို “takidashi” လို့ ခေါ်ပါတယ်။ ဒီအစီအစဉ်ကနေ လူကြိုက်များတဲ့ takidashi ဟင်း dago-jiru ဂျုံလုံးစွပ်ပြုတ်ကို ဘယ်လိုချက်ပြုတ်မလဲဆိုတာ ပြောပြ သွားမှာပါ။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ၁၂၀၀ မီလီလီတာ ဒါးရှိလို့ ခေါ်တဲ့ အသီးအရွက်ပြုတ်ဟင်းချိုအတွက် လိုအပ်တဲ့ပစ္စည်းများ
  • ရှီအိတာကဲ မှိုခြောက်မွှေး ၂ ပွင့်
  • မုန်လာဥဖြူ ၁၅၀ ဂရမ် (၉ ကျပ်သား)
  • မုန်လာဥနီ ၁၀၀ ဂရမ် (သို့) ဥ သေး တစ်ဥ (၆ ကျပ်သား)
  • ဘာဒေါ့လို့ခေါ်တဲ့ ဂေါ်ဘိုးအမြစ် ၅၀ ဂရမ် (သို့) ၂ ပုံ ၁ ပုံ (၃ ကျပ်သား)
  • ကြက်သွန်မြိတ် အသေး ၂ ပင်
ပါဝင်ပစ္စည်းများ

(ဒန်ဂို ဂျုံလုံးလုပ်ဖို့အတွက်)

  • ဂျုံ ၁၀၀ ဂရမ် (၆ ကျပ်သား)
  • ဆားအနည်းငယ်
  • ရေနွေး ၅၀ မီလီလီတာ (ရေနို့ဆီဘူး ၄ ပုံ ၁ ပုံ မရှိတရှိ)

Time needed: 30 minutes

ကြိုတင်ပြင်ဆင်ရန်

  1. မှိုကို‌ ရေစိမ်ပါ။

    ပထမဆုံး ရေနွေး ၂၀၀ မီလီလီတာ (ရေနို့ဆီဘူး ၁ ဘူးမရှိတရှိ) ထဲမှာ ရှီအိတာကဲ မှိုခြောက်ကို ပြန်စိုလာအောင် ၁ နာရီကနေ ၂ နာရီထိ စိမ်ထားရပါမယ်။

    တကယ်လို့ အချိန်ရမယ်ဆိုရင်တော့ မှိုတွေကို ရေအေးနဲ့ တစ်ည အရင် စိမ်ထားပါ။ အဲဒီလို ရေစိမ်လိုက်တဲ့အတွက် မှိုတွေက အိဖောင်းလာပါလိမ့်မယ်။

  2. ဂျုံနှပ်ပါ။

    ဂျုံလုံးစွပ်ပြုတ်လုပ်ဖို့အတွက် ဇလုံကြီးတစ်လုံးထဲမှာ ဂျုံတွေကို ထည့်ထားပါ။ နောက်ထပ် ဇလုံတစ်ခုထဲမှာ ဆားအနည်းငယ် (၁ ပွင့် ၂ ပွင့်လောက်) ထည့်ထားပြီး အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယက်စ် ရှိတဲ့ ရေနွေးကို လောင်းထည့်ပါ။

    ပြီးရင် မွှေလိုက်ပြီး ဆားအရည်ပျော်သွားတဲ့အခါ အဲဒီရေနွေးတွေကို ဂျုံထည့်ထားတဲ့ ဇလုံထဲကို လောင်းထည့်ပြီး တူနဲ့ သမအောင် မွှေပါ။ မွှေလို့ ရေနွေးနဲ့ ဂျုံက အတော်လေး သမ လောက်ပြီဆိုရင် လက်နဲ့ နယ်ပေးရပါမယ်။

    နယ်ပြီးရင် အဲဒီဂျုံထည့်ထားတဲ့ ဇလုံကို မီးဖိုချောင်သုံး ပလတ်စတစ် အကြည်နဲ့ ဒါမှမဟုတ် ရေစို ပုဝါတစ်ခုနဲ့ အုပ်ထားပြီး ဂျုံ မုန့်ညက်ကို ဒီအတိုင်း မိနစ် ၃၀ ထားထား ရပါမယ်။

  3. ဂေါ်ဘိုးအမြစ်များကို လှီးသင်ပါ။

    နောက်ထပ်လုပ်ရမှာကတော့ ဘာဒေါ့လို့ခေါ်တဲ့ ဂေါ်ဘိုးအမြစ်အပေါ်ယံက အမွှေးလေးတွေကို ဓားရဲ့ အသွားဘက်ကမဟုတ်တဲ့ ဘက်နဲ့ ခြစ်ချပါ။ မျက်နှာပြင် အဖြူရောင် ပေါ်လာပြီဆိုရင် ရေဆေးလိုက်ပါ။

    ပြီးရင် ဂေါ်ဘိုးအမြစ်ရဲ့ ထိပ်ဘက်ကို ၃ စင်တီမီတာကနေ ၄ စင်တီမီတာလောက် အရှည်ရှိတဲ့ အချပ်လေးတွေရအောင် ခဲတံချွန်သလိုမျိုး ပါးပါး လှီးလိုက်ပါမယ်။ လှီးပြီးတာနဲ့ ဂေါ်ဘိုးအမြစ်တွေကို ရေဇလုံထဲမှာ ချက်ချင်း စိမ်ထားရပါမယ်။

  4. ဟင်းသီးဟင်းရွက်များလှီးပါ။

    မုန်လာဥနီနဲ့ မုန်လာဥဖြူကိုတော့ အခွံသင်ပါမယ်။ ပြီးရင် အရှည်အတိုင်း တစ်ဝက်စီ ပိုင်းလိုက်ပြီး၊ ပိုင်းထားတဲ့ အပိုင်းတွေကို တစ်ဝက်ပြန်ပြီး အတုံးလေးတွေလှီးမယ်။

    မုန်လာဥနီကို ၄ မီလီမီတာနဲ့ မုန်လာဥဖြူကို ၅ မီလီမီတာ အရွယ်လှီးရပါမယ်။ ရှီအိတာကဲ မှိုကိုတော့ မှိုအရိုးကို နုပ်နုပ်စင်းပြီး မှိုပွင့်ချပ်ကိုတော့ အချပ်လေးတွေလှီးထားပါမယ်။ မှိုစိမ်ထားတဲ့ အရည်တွေကို နောက်ပိုင်းပြန်သုံးမှာဖြစ်တဲ့အတွက် သိမ်းထားရပါမယ်။

    ကြက်သွန်မြိတ်ကို အလျားလိုက် အရွယ်ညီညီ ၄ ပိုင်း ပိုင်းပြီး အဲဒီ ၄ ပိုင်းကို စုပြီး ပါးပါးလေး လှီးထားပါမယ်။

  5. ဟင်းရည်တည်ပါ။

    အိုးတစ်လုံးထဲကို ဒါးရှိစွပ်ပြုတ်ရည်နဲ့ ရှီအိတာကဲ မှိုစိမ်ထားတဲ့ အရည် ၁၀၀ မီလီလီတာ (ရေနို့ဆီဘူး တစ်ဝက် မရှိတရှိ) ထည့်လိုက်ပါမယ်။ အဲဒီထဲကို လှီးထားတဲ့ မုန်လာဥဖြူ၊ မုန်လာဥနီနဲ့ ရှီအိတာကဲမှိုအပြင် ရေဆေးထားတဲ့ ဂေါ်ဘိုးအမြစ်အချပ်လေးတွေကို ထည့်ပါမယ်။

    အားလုံးထည့်ပြီးသွားပြီ ဆိုရင်တော့ မီးအနေတော်နဲ့ အိုးပူလာအောင် တည်လိုက်ပါမယ်။ ရေနွေးဆူလာပြီဆိုရင်တော့ မီးလျှော့လိုက်ပြီး အိုးအပေါ်ကို တက်လာတဲ့ အမြှုပ်တွေကို အပေါ်ယံလျှပ်ပြီး ခပ်ထုတ်ရပါမယ်။

  6. ဂျုံလုံးတွေထည့်ပါမယ်။

    နောက်တစ်ဆင့်ကတော့ dango ဂျုံလုံးလေးတွေ လုပ်ပါမယ်။ နှပ်ထားတဲ့ ဂျုံမုန့်ညက်ကို လက်နဲ့ ဖဲ့ပြီး စပျစ်သီးတစ်လုံးစာ အရွယ်အလုံးလေးတွေကို လုံးပြီး အလယ်ကနေ လက်မနဲ့ ပြားသွားအောင်ဖိပြီးမှ ဟင်းရည်အိုးအလယ် တည့်တည့်ကို ထည့်ပါမယ်။

    အကျက်မြန်အောင်လို့ ဂျုံလုံးတွေကို အလယ်ကနေ ဖိပြီး အဝိုင်းပြားဖြစ်အောင်လုပ်ဖို့ မမေ့ပါနဲ့နော်။ ပြီးရင် အိုးကို အဖုံး ဖုံးထားလိုက်ပြီး မိနစ် ၃၀ လောက် မီးအေးအေးနဲ့ ဆူအောင်တည်ထားရပါမယ်။

  7. ကျက်မကျက် စစ်ဆေးပါ။

    တည်ထားတာ မိနစ် ၃၀ ကြာပြီးတဲ့နောက် dango ဂျုံလုံးတွေကို ဆယ်ယူလိုက်ပြီး ကျက် မကျက် အတွင်းထဲက အရောင်ကို ကြည့်ရပါမယ်။

    အချပ်ကလေး လှီးပြီး ကြည့်ပါ။ အတွင်းထဲက လုံးဝ အကြည်ရောင်ဖြစ်နေပြီဆိုရင်တော့ ကျက်ပါပြီ မီးပိတ်လိုက်ပါ။

  8. သုံးဆောင်နိုင်ပါပြီ။

    မီဆိုပဲနှစ်ကို ညက်ညက်ကလေးဖြစ်အောင် လက်ကိုင်ဆန်ခါနဲ့ တိုက်ပြီး စွပ်ပြုတ်အိုးထဲကို ထည့်ရပါမယ်။

    ထည့်ပြီး အိုးကို နောက်တစ်ခါ ဆူအောင် တည်လိုက်ပြီးရင်တော့ dago-jiru ဂျုံလုံးစွပ်ပြုတ်ဟင်း ကျက်သွားပါပြီ။ ပန်းကန်လုံး ထဲကိုထည့်ပြီး လှီးထားတဲ့ကြက်သွန်မြိတ်တွေကို ဖြူးလိုက်ရင်တော့ စားလို့ရပါပြီ။