fbpx

အထူးကျွမ်းကျင်လုပ်သားဖြင့် လုပ်ကိုင်ရင်း ရုတ်တရက်အလုပ်ဖြုတ်ခံရလျှင်

အထူးကျွမ်းကျင်လုပ်သားဖြင့် လုပ်ကိုင်ရင်း ရုတ်တရတ်အလုပ်ဖြုတ်ခံရသည်

နိုင်ငံခြားသားတစ်ဦးသည် အထူးကျွမ်းကျင်လုပ်သားဖြင့် စတင်လုပ်ကိုင်ပြီး မကြာမှီ အလုပ်ဖြုတ်ခံလိုက်ရသည်။

အထူးကျွမ်းကျင်လုပ်သားသည် အလုပ်ပြောင်းရွေ့နိုင်သော်လည်း အလုပ်အကိုင်အသစ်ကို ချက်ချင်း ရှာမတွေ့နိုင်သောကြောင့် အခက်တွေ့ခဲ့ရသည်။ မည်သို့ဖြေရှင်းခဲ့ကြောင်းကို မိတ်ဆက်ပေးပါမည်။


တိုင်ပင်ဆွေးနွေးမှုအကြောင်းအရာနှင့် တုံ့ပြန်လုပ်ဆောင်ချက်

အလုပ်ဖြုတ်ကြောင်းအသိပေးခြင်း

တိုင်ပင်ဆွေးနွေးသူသည် အသက် 20 အရွယ် အမျိုးသားဖြစ်ပြီး စားသောက်ဆိုင်တွင် အထူးကျွမ်းကျင်လုပ်သားနိုင်ငံခြားသားအဖြစ် စတင်အလုပ်လုပ်ကိုင်ခဲ့သည်။ သို့သော် သင်တန်းပြီးနောက် တရားဝင်အလုပ်စတင်လုပ်ကိုင်ပြီး 10 ရက်အကြာတွင် ဆိုင်မှ အလုပ်ထွက်ရန် ပြောဆိုခံခဲ့ရသည်။

အလုပ်သမားရေးရာစီရင်အကဲဖြတ်မှုလုပ်ထုံးလုပ်နည်း

သူသည် ရှေ့နေထံ အကူအညီတောင်း၍ ညှိနှိုင်းခဲ့သော်လည်း ဆိုင်ဘက်မှ “ကာယကံရှင်ထံမှ အလုပ်ထွက်စာတင်ခြင်းဖြစ်သည်” ဟု အခိုင်အမာပြောဆိုခဲ့သည့်အတွက် ရှေ့နေသည် “အလုပ်သမားရေးရာစီရင်အကဲဖြတ်မှုလုပ်ထုံးလုပ်နည်း” ကို တင်သွင်းခဲ့သည်။

အလုပ်သမားရေးရာစီရင်အကဲဖြတ်ကော်မတီသည် တိုင်ပင်ဆွေးနွေးသူဘက်မှ အခိုင်အမာပြောဆိုမှုကို အသိအမှတ်ပြုပြီး အလုပ်ဆက်လက်ခန့်အပ်ရန်နှင့် မပေးချေရသေးသောလုပ်အားခများကို ပေးချေရန် အမိန့်ချမှတ်ခဲ့သည်။

ဆိုင်ဘက်မှ ကန့်ကွက်စာတင်ပြီး တရားရင်ဆိုင်ခဲ့သော်လည်း အလုပ်သမားအကဲဖြတ်မှုနှင့်တူညီသောအကြောင်းအရာဖြင့် ပြေလည်မှုရရှိခဲ့သည်။


ရှေ့နေ၏ အခိုင်အမာပြောဆိုချက်

အလုပ်အကိုင်အသစ်ရှာဖွေခြင်းသည် ခက်ခဲသည်

“တိုင်ပင်ဆွေးနွေးသူမှ အလုပ်ထွက်စာတင်ခြင်းဖြစ်သည်” ဟူသည့် ဆိုင်ရှင်၏ အခိုင်အမာပြောဆိုချက်အပေါ် ရှေ့နေသည် အောက်ပါအတိုင်း တုံ့ပြန်ချေပခဲ့သည်။

  • အထူးကျွမ်းကျင်လုပ်သားဖြင့် အလုပ်ပြောင်းရွေ့ရန်အတွက် အလုပ်အသစ်နှင့် အလုပ်ခန့်အပ်မှုသဘောတူညီချက်စာချုပ်ကို ချုပ်ဆိုပြီးမှ နေထိုင်ခွင့်ဗီဇာကို ပြောင်းရန် လိုအပ်ပြီး အလွယ်တကူအလုပ်ပြောင်း၍ ရနိုင်သည်မဟုတ်ပါ။
  • အထူးကျွမ်းကျင်လုပ်သားနိုင်ငံခြားသားကို အလုပ်ခန့်အပ်သည့် ကုမ္ပဏီသည် နိုင်ငံခြားသား၏ နေထိုင်မှုကူညီထောက်ပံ့ရေးစသည်ကို လုပ်ဆောင်ရန်လိုအပ်ပြီး အလွယ်တကူ ဝန်ထမ်းရှာဖွေနိုင်မည်မဟုတ်ပါ။
  • အလုပ်အကိုင်အသစ် ရှာမတွေ့သေးဘဲ ကာယကံရှင်မှ အလုပ်ထွက်စာ တင်နိုင်မည်မဟုတ်ပါ။

ထို့အပြင် ထိုသူသည် တစ်နှစ်စာချုပ်ဖြင့် အလုပ်စတင်လုပ်ကိုင်ခဲ့သည်။ အလုပ်သမားစာချုပ်ဥပဒေတွင် ကာလသတ်မှတ်ထားသည့် အလုပ်ခန့်အပ်မှုသဘောတူညီချက်စာချုပ်သည် “မလွှဲမရှောင်သာသောအကြာင်းပြချက် (အကြောင်းအရင်း) ” မရှိပါက တစ်ဝက်တစ်ပျက်ကာလတွင် အလုပ်ဖြုတ်၍မရဟု သတ်မှတ်ထားရှိသည်။ ဆိုင်သည် “မလွှဲမရှောင်သာသောအကြာင်းပြချက်” ကို ရှင်းပြထားခြင်းမရှိပါ။


နောက်ပိုင်းနေထိုင်မှု

ပြေလည်မှု ရရှိခဲ့ပြီး အလုပ်ပြန်ဝင်ခွင့်ရရှိခဲ့သော်လည်း ကျေအေးငွေကို လက်ခံကာ အလုပ်ထွက်ခဲ့သည်။

အထူးကျွမ်းကျင်လုပ်သားသည် မူလအားဖြင့် အချိန်ပိုင်းအလုပ် မလုပ်ကိုင်နိုင်သော်လည်း ကိုရိုနာဗိုင်းရပ်စ်အထူးကိစ္စကြောင့် အလုပ်ပြုတ်သွားသော အထူးကျွမ်းကျင်လုပ်သား နိုင်ငံခြားသားများသည်လည်း အချိန်ပိုင်းအလုပ် လုပ်ကိုင်နိုင်သည် (2021 ခုနှစ် မတ်လအချိန်)။ ထိုသူသည် အချိန်ပိုင်းအလုပ်ကို လုပ်ကိုင်ရင်းဖြင့် အထူးကျွမ်းကျင်လုပ်သားဖြင့် အလုပ်အသစ်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။


အလုပ်သမားရေးရာစီရင်အကဲဖြတ်မှုလုပ်ထုံးလုပ်နည်းဆိုသည်မှာ

  • အလုပ်ဖြုတ်ခြင်းနှင့် လစာမပေးခြင်းစသည့် အလုပ်သမားပြဿနာများကို လျင်မြန်စွာ ဖြေရှင်းရန်အတွက် လုပ်ထုံးလုပ်နည်းဖြစ်သည်။
  • အလုပ်သမားအကဲဖြတ်သူ (တရားသူကြီး) 1 ဦးနှင့် အလုပ်သမားရေးရာစီရင်အကဲဖြတ်သူ (ပုဂ္ဂလိကကျွမ်းကျင်သူ) 2 ဦးတို့ပါဝင်သော အလုပ်သမားရေးရာစီရင်အကဲဖြတ်ကော်မတီက ဆောင်ရွက်သည်။
  • 70 % သောဖြစ်ရပ်များသည် တင်သွင်းပြီး 3 လအတွင်း ပြီးဆုံးသည်။
  • စကားပြောရုံဖြင့် မဖြေရှင်းနိုင် (မဖြန်ဖြေနိုင်) ပါက “အလုပ်သမားရေးရာစီရင်အကဲဖြတ်မှု” ဟူသည့် တရားစီရင်ခြင်းကို ပြုလုပ်သည်။ တရားစီရင်မှုတွင် မကျေနပ်ပါက တရားဝင်တရားရင်ဆိုင်ရမည်။