ဂျပန်စာလုံးများ – Hiragana

တချို့တွေက hiragana ကို သင်ယူတဲ့ အဆင့်မှာ အချိန်အများကြီးယူကြပါတယ်။ တကယ်က ဒါကဟာ အချိန်အရမ်းကုန်လွန်းပါတယ်။

ဂျပန်ဘာသာစကားကို လေ့လာရာမှာ အခြေခံအကျဆုံး အုတ်မြစ်ကတော့ hiragana စာလုံးတွေကို စတင်သင်ယူတာပါပဲ။ အသံထွက်တတ်ဖို့နဲ့ အခြေခံစကားလုံးတွေကို ဖတ်တတ်ဖို့ အတွက် အရေးကြီးပါတယ်။ 

တချို့တွေက hiragana ကို သင်ယူတဲ့ အဆင့်မှာ အချိန်အများကြီးယူကြပါတယ်။ တကယ်က ဒါဟာ အချိန်အရမ်းကုန်လွန်းပါတယ်။ ရက်အနည်းငယ်အတွင်းမှာ သင်ယူတဲ့ အဆင့်ကို အပြီးဖြတ်သင့်ပါတယ်။ (အကုန်လုံး အလွတ်ရမှ ဂျပန်စာတွေစသင်မယ်ဆိုတဲ့ အစား၊ မရတရအခြေအနေမျိုးနဲ့ပဲ ရှေ့ဆက်သွားသင့်ပါတယ်။)

စကားလုံးအချို့ကို hiragana နဲ့ ကျက်ပြီးသွားတဲ့ အချိန်မှာတော့ ကိုယ်တောင် သတိမထားမိလိုက်ခင်၊ hiragana စာလုံးတွေကို ဖတ်တတ်နှင့်ပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အချို့ဂျပန်စာသင်ယူတဲ့သူတွေကတော့ မှတ်ရလွယ်တဲ့ နည်းတွေကို ပိုကြိုက်ကြပါတယ်။

Hiragana သင်ယူရာမှာ ပိုမိုမြန်ဆန်စေဖို့ အောက်ကအချက်တွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။

  • အလွယ်မှတ်နည်းများ : Kanji စာလုံးတွေထက်စာရင် hiragana စာလုံးတွေက ပိုလွယ်ကူပြီး ရှင်းလင်းပါတယ်။ အလွယ်မှတ်နည်းတွေကို အင်္ဂလိပ်လို Mnemonics လို့ခေါ်ပါတယ်။ မှတ်သားရလွယ်အောင် ပြုလုပ်ထားတဲ့ ပုံလေးတွေနဲ့ဆိုရင် စာလုံးတွေရဲ့ ပုံစံတွေကို မှတ်သားရာမှာ အဆက်အစပ်မိပြီး ပိုလွယ်လွယ်မှတ်နိုင်ပါလိမ့်မယ်။ တချို့သူတွေကတော့ အလွယ်မှတ်ပုံတွေနဲ့ နည်းလမ်းတွေကို မကြိုက်ကြပါဘူး။ ဒါပေမယ့် တကယ်အလုပ်ဖြစ်နေကြတဲ့ သူတွေအများကြီးရှိပါတယ်။
  • မရေးပါနဲ့ : ဒီလိုပြောလိုက်ရင် အတော်များများက သဘောမတူဖြစ်ကြမှာပါ။ ဒါပေမယ့် စဥ်းစားကြည့်ပါ။ လက်ရှိမြန်မာစာကိုပဲ စာအနေနဲ့ မနေ့က ချရေးခဲ့မိပါသလား? ဖြစ်နိုင်တာတစ်ခုကတော့ စာပိုဒ်ကြီးတစ်ခုကို လက်နဲ့ရေးနေတာထက် လက်မှတ်တစ်ခုထိုးလိုက်တာ၊ ဒါမှ မဟုတ် ဘောက်ချာတစ်ခုခုအထဲမှာ ကိန်းဂဏန်းတွေရေးလိုက်တာ၊ ဖေါင်တစ်ခုထဲမှာ ကိုယ့်နာမည်ကိုယ်ရေးလိုက်တာမျိုးဖြစ်နိုင်ပါတယ်။ နည်းပညာအပြောင်းအလဲတွေကြောင့် စာသားအနေနဲ့ ချရေးဖို့လိုအပ်ချက်တွေကို ကွန်ပြူတာတွေ၊ ဖုန်းတွေထဲမှာ စာရိုက်တဲ့နည်းနဲ့ အစားထိုးလာကြပါတယ်။ ဖတ်ဖို့ လေ့ကျင့်ရတာ အတတ်မြန်ပါတယ်။ အရေးကတော့ ကြာပါတယ်။ (ဒါပေမယ့် အကျိုးရှိပါတယ်။) ဒါပေမယ့် အမြန်တတ်ဖို့လိုနေရင်တော့ အရင်ဆုံး မရေးပဲ အဖတ်တတ်အောင် အရင်ကျင့်လိုက်တာ ပိုမြန်မှာပါ။
  • လေ့ကျင့်ခန်းများ : လေ့ကျင့်ခန်းတွေကတော့ ကိုယ်သင်ယူခဲ့တာ အလုပ်ဖြစ်မဖြစ် ပြန်ဆန်းစစ်တာပါပဲ။ လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာ ခေါင်းတွေပူလာပါလိမ့်မယ်။ ဒါဟာ မှတ်ဉာဏ်တွေကို နှိုးဆွအလုပ်ပေးနေတဲ့ လက္ခဏာပါပဲ။

あA いI うU えE おO

ဂျပန်အသံထွက်တွေရဲ့ အစမို့ အရေးကြီးဆုံး အတန်းပါပဲ။ ဒီစာလုံးတွေရဲ့ အသံတွေအပေါ်ကို အခြေခံပြီးတော့မှ အခြားစာလုံးတွေရဲ့ အသံထွက်က ဘယ်လိုဖြစ်မလဲဆိုတာကို ပြဌာန်းတာပါ။ ဒီအသံ (၅) သံကို သရသံအဖြစ်နဲ့ တွဲဖက်ပုံမူတည်ပြီး ရှေ့ဆက်အသံတွေအလိုက် အသံတွေပြောင်းတာဖြစ်ပါတယ်။

あ
A

あ ကိုတော့ အသံထွက်တဲ့ အခါမှာ နာရင်အော်သလိုမျိုးအသံနဲ့ ဆင်တဲ့  “အ” လို့ အသံထွက်ပါတယ်။

い
I

い ကိုတော့ အသံထွက်တဲ့ အခါမှာ အိစက်ညက်ညောဆိုတဲ့စာလုံးထဲက  “အိ” လိုမျိုး အသံထွက်ပါတယ်။

う
U

う ကိုတော့ အသံထွက်တဲ့ အခါမှာ ကြက်ဥထဲက “ဥ” လို အသံထွက်ပါတယ်။

え
E

え ကိုတော့ အသံထွက်တဲ့ အခါမှာ အဲဒါဆိုတဲ့ စကားလုံးထဲက  “အဲ” လိုမျိုး အသံထွက်ပါတယ်။

お
O

お ကိုတော့ အသံထွက်တဲ့ အခါမှာ အင်္ဂလိပ်စာလုံး O လိုမျိုးကို နည်းနည်း အသံဖြတ်ပြီး  “အို့” လို့ အသံထွက်ပါတယ်။

かKA きKI くKU けKE こKO

か
KA

か ကိုတော့ အသံထွက်တဲ့ အခါမှာ ခခယယဆိုတဲ့ စကားလုံးထဲကလို “ခ” လို့ အသံထွက်ပါတယ်။ မြန်မာစာလုံး “က” သံနဲ့လည်း နီးစပ်ပေမယ့် “ခ” ဘက်ကို ပိုနီးပါတယ်။

き
KI

き ကိုတော့ အသံထွက်တဲ့ အခါမှာ “ခိ” လို့ အသံထွက်ပါတယ်။ သတိထားမိလား မသိဘူး။ ပထမဆုံး အ-အိ-အု-အဲ-အို့ မှာ ခုကတော့ ခ-ခိ အထိဖြစ်လာပါပြီ။ ပထမဆုံးအတန်းက အသံထွက်တွေနဲ့ ပေါင်းပြီးထွက်လာတာပါ။

く
KU

く ကိုတော့ အသံထွက်တဲ့ အခါမှာ “ခု” လို့ အသံထွက်ပါတယ်။ 

け
KE

け ကိုတော့ အသံထွက်တဲ့ အခါမှာ ခဲသတ္တုဆိုတဲ့ စကားလုံးထဲကလို  “ခဲ” လို့ အသံထွက်ပါတယ်။ 

こ
KO

こ ကိုတော့ အသံထွက်တဲ့ အခါမှာ မခို့တရို့ ဆိုတဲ့ စကားလုံးထဲကလို  “ခို့” လို့ အသံထွက်ပါတယ်။ 

さSA しSHI すSU せSE そSO

ဒီစာလုံးတွေ အတန်းအတွက်ကတော့ ဆ သံတွေပါ။ ဒါပေမယ့် ဒီအထဲမှာ ခြွင်းချက်တွေရှိပါတယ်။ ဖတ်သွားရင်း သိလာပါလိမ့်မယ်။

さ
SA

さ ကိုတော့ အသံထွက်တဲ့ အခါမှာ တွေးတွေးဆဆထဲက “ဆ” လို အသံထွက်ပါတယ်။

し
SHI

ခြွင်းချက်လေးလာပါပြီ။ し ကိုတော့ အသံထွက်တဲ့ အခါမှာ စိလို့ အသံမထွက်ရပဲ ပညာရှိထဲကလို “ရှိ” လို့ အသံထွက်ပါတယ်။

す
SU

す ကိုတော့ အသံထွက်တဲ့ အခါမှာ ဆုတံဆိပ်စကားလုံးထဲ “ဆု” လို အသံထွက်ပါတယ်။

せ
SE

せ ကိုတော့ အသံထွက်တဲ့ အခါမှာ ဆဲရေးတိုင်းထွာဆိုတဲ့ စကားလုံးထဲက “ဆဲ” လို အသံထွက်ပါတယ်။

そ
SO

そ ကိုတော့ အသံထွက်တဲ့အခါမှာ အမောဆို့ ဆိုတဲ့ စကားလုံးထဲက “ဆို့” လို အသံထွက်ပါတယ်။

たTA ちCHI つTSU てTE とTO

ဒီစာလုံးအတန်းကတော့ ခြွင်းချက် နှစ်ခုတောင်ပါပါတယ်။ အရှိန်နဲ့ဆိုလာရင်း မှားတတ်တဲ့ စာလုံးလေးတွေပါပါတယ်။ ဆက်ဖတ်သွားရင်း တွေ့လာမှာပါ။

た
TA

ဒီအသံထွက်က တ လို့ အသံထွက်ပေမယ့် ထ ဘက်ကို နီးပါတယ်။ た ကိုတော့ တမ်းတသည်ဆိုတဲ့  စကားလုံးထဲက “တ” နဲ့ ထိုင်ထသည်ဆိုတဲ့ စကားလုံးထဲက “ထ” နဲ့ကြားက အသံထွက်ပါတယ်။ အသံဖိုင်ကို သေသေချာချာနားထောင်ကြည့်ပါ။ တူအောင်လိုက်ဆိုကြည့်ပါ။

ち
CHI

ဒီမှာလည်း နောက်ထပ် ခြွင်းချက်တစ်ခုပါ။ ち ကိုတော့ ချိနဲ့ဆိုတဲ့ စကားလုံးထဲက “ချိ” လို အသံထွက်ပါတယ်။

つ
TSU

ဒီမှာလည်း ခြွင်းချက်တစ်ခုပါ။ ဒါ့အပြင် အသံထွက်ရလည်း မြန်မာလူမျိုးတွေအတွက် နီးစပ်ရာအသံဖလှယ်ဖို့ စာလုံးမရှိတာမို့ ခက်ခဲပါတယ်။ つ ကို “tsu” လို့ပဲ အသံထွက်ပါမယ်။ အသံဖိုင်ကို သေသေချာချာနား‌ထောင်ပါ။ ဒီစာလုံးကို အသံထွက်တဲ့အခါမှာ ရှေ့သွားကြားထဲက လေထွက်အောင် ဆိုရပါမယ်။ မဟုတ်ရင် “ချု” သို့မဟုတ် “စွတ်” လို့ အသံမှားထွက်မိတတ်ပါတယ်။ 

て
TE

て ကိုတော့ စာကြောင်းအနေအထားလိုက် တဲအိမ်က “တဲ” လို့ အသံထွက်သလို၊ အသံပြင်းနေရာတွေမှာ အိမ်ထဲက ဆိုတဲ့ စကားလုံးထဲက “ထဲ” လိုမျိုး ထွက်ပါတယ်။ လေ့လာကာစမှာတော့ သိပ်အ‌ရေးမကြီးသေးပါဘူး။

と
TO

と ကိုတော့ တို့ထိဆိုတဲ့ စကားလုံးထဲက “တို့” လို အသံထွက်ရသလို၊ ထို့ကြောင့် ဆိုတဲ့အထဲက “ထို့” လို အသံထွက်တဲ့နေရာလည်း ရှိပါတယ်။ အသံဖိုင်ကို သေသေချာချာနားထောင်ကြည့်ပါ။

なNA にNI ぬNU ねNE のNO

な
NA

な ကိုတော့ “န” လို့ အသံထွက်ပါတယ်။

に
NI

に ကိုတော့ “နိ” လို့ အသံထွက်ပါတယ်။

ぬ
NU

ぬ ကိုတော့ “နု” လို့ အသံထွက်ပါတယ်။

ね
NE

ね ကိုတော့ ထစ်ကနဲ၊ ထောင်းကနဲတို့လို စကားလုံးတွေထဲက “နဲ” လို အသံထွက်ပါတယ်။

の
NO

の ကိုတော့ နွားနို့၊ နို့ပူတင်း စသဖြင့် စကားလုံးတွေထဲက “နို့” လို အသံထွက်ပါတယ်။ “န” နဲ့ “အို့” နှစ်သံ ပေါင်းထွက်တာ ဖြစ်ပါတယ်။ မြန်မာလူမျိုး အချို့က “နော့” လို့ ထွက်တာ မကြာခဏ မြင်ဖူးပါတယ်။ အသံဖိုင်ကို သေသေချာချာ နားထောင်ကြည့်ပါ။

はHA ひHI ふHU/FU へHE ほHO

は
HA

は ကိုတော့ “ဟ” လို့ အသံထွက်ပါတယ်။ “ဝ” လို့ အသံထွက်ရတဲ့ နေရာတွေလည်း ရှိပါတယ်။ နောက်သိလာမှာပါ။

ひ
HI

ひ ကိုတော့ “ဟိ” လို့ အသံထွက်ပါတယ်။ 

ふ
FU

ဒီစာလုံးလေးကတော့ နည်းနည်းမာယာများပါတယ်။ ふ ကိုတော့ “ဖု” နဲ့ “ဟု” ကြား အသံထွက်ပါတယ်။ မြန်မာစာလုံး ဖလှယ်စရာအသံမရှိပါဘူး။ အသံဖိုင်ကို သေသေချာချာနားထောင်ကြည့်ပါ။

へ
HE

へ ကိုတော့ တဟဲဟဲ ဆိုတဲ့ စကားလုံးထဲက “ဟဲ” လိုမျိုးထွက်ပါတယ်။ “အဲ” လို့ ထွက်ရတဲ့နေရာတွေလည်း ရှိပေမယ့် နောက်သိလာမှာပါ။ 

ほ
HO

ほ ကိုတော့ “ဟို့” လို့ အသံထွက်ပါတယ်။

まMA みMI むMU めME もMO

ま
MA

ま ကိုတော့ “မ” လို့ အသံထွက်ပါတယ်။

み
MI

み ကိုတော့ “မိ” လို့ အသံထွက်ပါတယ်။

む
MU

む ကိုတော့ “မု” လို့ အသံထွက်ပါတယ်။

め
ME

め ကိုတော့ “မဲ” လို့ အသံထွက်ပါတယ်။

も
MO

も ကိုတော့ မို့မောက်ဆိုတဲ့ စကားလုံးထဲကလို “မို့” လို့ အသံထွက်ပါတယ်။

やYA ゆYU よYO

や
YA

や ကိုတော့ ယုယထဲက “ယ” လို အသံထွက်ပါတယ်။

ゆ
YU

ゆ ကိုတော့ ယုယထဲက “ယု” လို အသံထွက်ပါတယ်။

よ
YO

よ ကိုတော့ “ယို့” လို့ အသံထွက်ပါတယ်။

らRA りRI るRU れRE ろRO

ဒီစာလုံးအတန်းကတော့ မကြာခဏ အသံထွက်မှားကြသလို မြန်မာလူမျိုးတွေအတွက်လည်း အသံထွက်ရ အနည်းငယ် စနိုးစနောင့်ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက romaji လို့ခေါ်တဲ့ အင်္ဂလိပ်စာလုံးတွေနဲ့ ဂျပန်စာလုံးတွေရဲ့ အသံထွက်တွေကို ဖလှယ်ထားတဲ့ အရေးအသားထဲက “R” သံကို အင်္ဂလိပ် အသံထွက်အတိုင်း ဖလှယ်မိလိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ 

မြန်မာလိုအသံထွက်နဲ့ အနီးစပ်ဆုံး ဖလှယ်မယ်ဆိုရင်လည်း “ရ” နဲ့ “လ” ကြားက အသံထွက်ကို ရေးရတာမို့ မြန်မာလို စာလုံးမရှိပါဘူး။ ဒါပေမယ့် အနီးစပ်ဆုံးအသံက “လ” နဲ့ နီးစပ်တာမို့ “လ” သံနဲ့ ပေါင်းပါမယ်။ အသံဖိုင်တွေကို သေသေချာချာ နားထဲစွဲအောင် နားထောင်ကြည့်စေချင်ပါတယ်။

ら
RA

ら ကိုတော့ “လ” လို့ အသံထွက်ပါတယ်။

り
RI

り ကိုတော့ “လိ” လို့ အသံထွက်ပါတယ်။

る
RU

る ကိုတော့ “လု” လို့ အသံထွက်ပါတယ်။

れ
RE

れ ကိုတော့ “လဲ” လို့ အသံထွက်ပါတယ်။

ろ
RO

ろ ကိုတော့ “လို့” လို့ အသံထွက်ပါတယ်။

わWA をWO んN

ဒီနောက်ဆုံးစာလုံးတွေကတော့ နည်းနည်းထူးဆန်းပါတယ်။ わ ကတော့ ပုံမှန်အတိုင်းပဲ အသံထွက်ပေမယ့် を နဲ့ ん မှာ ခြွင်းချက်လေးတွေနဲ့ အပြောင်းအလဲလေးတွေရှိလာပါတယ်။

わ
WA

わ ကိုတော့ မမဝဝ ထထက ထဲက “ဝ” လို အသံထွက်ပါတယ်။

を
WO

を ကိုတော့ တကယ်က “ဝ” သံနဲ့ “အို့” ‌ပေါင်းပြီး “အို့” လို့ပဲ အသံနီးနီးစပ်စပ်ထွက်ပါတယ်။ 

ん
N

ん ကိုတော့ မြန်မာစာလုံးနဲ့ အသံထွက်ရေးဖလှယ်ဖို့ ခက်ပါတယ်။ “အွန်း”၊ “ဟွန်း” အဲဒီအသံနှစ်ခုကို လျှာမပါပဲ ထွက်ရတာမျိုးပါ။ အသံဖိုင်ကို သေသေချာချာနားထောင်ကြည့်ပါ။