fbpx

ထူးခြားဆန်းပြား Chindougu များ

အသုံးမဝင်ရဘူး။ ဒါပေမယ့် အသုံးမကျတာလည်း မဟုတ်ရဘူး။ သုံးလည်းသုံး မနေရဘူး။ သုံးကြည့်ရင်လည်း သုံးလို့ရရမယ်။ ဒီလို ပစ္စည်းတွေကို တီထွင်ခဲ့တဲ့ Kenji Kawakami ကတော့ chindougu ဆိုတာ “un-useless” လို့ ခေါ်ဝေါ်ခဲ့ပါတယ်။

Chindougu ဆိုတာ ဘယ်လိုဟာမျိုးတွေလဲဆိုတာကတော့ ကြည့်လိုက်တာ အကောင်းဆုံးပါပဲ။ အောက်က ဗီဒီယိုကို ကြည့်ကြည့်ပါ။

Chindougu 珍道具ちんどうぐ ဆိုတာကတော့ စကားလုံး နှစ်လုံးပေါင်းစပ်ပါဝင်နေတဲ့ စကားလုံးတစ်လုံးပဲ ဖြစ်ပါတယ်။ Chin  ちん  ဆိုတာကတော့ “ထူးဆန်းအံ့ဖွယ်” စသဖြင့် အဓိပ္ပာယ်ရပြီး Dougu 道具どうぐ ကတော့ “ကိရိယာ” လို့ အဓိပ္ပာယ်ရပါတယ်။

“ထူးဆန်းသော ကိရိယာများ” လို့ အဓိပ္ပာယ်ပြန်ရုံနဲ့ အဲဒီစကားလုံးရဲ့ အနက်ကို မခြုံငုံမိလောက်ဘူး ထင်ပါတယ်။ ဘယ်လိုမှ ဖယ်ထားလို့မရတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ကျန်သေးတာမို့ပါပဲ။ အသုံးဝင်ပေမယ့် “ဒါကြီးက ရှက်စရာကြီးပါ” ဆိုပြီး လူတွေ မသုံးကြတာမျိုးလည်း အဓိပ္ပာယ် ပေါက်ပါတယ်။

Chindougu အတွေးအခေါ်၏ ပညတ်ချက် (၁၀) ချက်

Kenji Kawakami တီထွင်ခဲ့တဲ့ ထီးဖိနပ် (Source – Touristos)

တကယ့် chindougu အစစ်ကို ခုလို အတုအယောင်တွေများတဲ့ ခေတ်ကြီးမှာ လိုက်တုပတဲ့သူတွေကြားထဲကနေ ဘယ်လိုခွဲကြမလဲ? လွယ်ပါတယ်။

တီထွင်သူ Kenji Kawakami နဲ့ International Chindougu Society က သတ်မှတ်ထားတဲ့ chindougu ပညတ်ချက်တွေနဲ့ ကိုက်မကိုက် စိစစ်ပြီး ခွဲနိုင်ပါတယ်။ အဲဒီ အသင်းကြီးက သူတို့ရဲ့ Official Website မှာ ဖေါ် ပြသတ်မှတ်ထားတဲ့ ပညတ်ချက်တွေအရကတော့ အောက်ပါအတိုင်း အကျဥ်းချုံးလို့ရနိုင်ပါတယ်။

1. လုံးဝ အသုံး မဝင်ရဘူး

တကယ့်ကို အဆုံးစွန်ကျတဲ့ သတ်မှတ်ချက်တစ်ခုပါပဲ။ တကယ်လို့ တီထွင်မှုတစ်ခုဟာ အမှန်ပဲ လူတွေအတွက် အသုံးဝင်လာပြီး၊ လူတွေကလည်း တစေ အသုံးပြုနေကြတယ်ဆိုရင် chindougu မဟုတ်တော့ပါဘူး။ Chindougu လို့ သတ်မှတ်ပြီး ဘောင်ဝင်ဖို့ ကြိုးစားနေမယ့်အစား ရောင်းလိုက်ရင် ဒေါ်လာသန်းနဲ့ချီပြီး ရကောင်းရမှာပါ။

2. ရှိရမယ်

ရှိရမယ်ဆိုတာက တကယ့်လူလောကမှာ တည်ရှိနေရမယ်ဆို့ ဆိုလိုတာပါ။ စိတ်ကူးထဲမှာပဲ ပုံဖေါ်ထားပြီး အပြင်မှာ လက်တွေ့မပြုလုပ်ခဲ့ရင် မရပါဘူး။ စာရွက်ထဲမှာ ပုံဆွဲထားပြီး ဖြစ်အောင် မလုပ်ခဲ့ဘူးဆိုရင်လည်း အသုံးမကျတဲ့တီထွင်မှုတစ်ခုရဲ့ ပုံတစ်ပုံပဲဖြစ်နေမှာပါ။ လူ့ဘောင်ထဲကလူတွေတွေ့ကြုံ ခံစားနိုင်အောင် ပြုလုပ်ပေးဖို့၊ တည်ရှိလာအောင် အားထုတ်ပေဖို့ လိုအပ်ပါတယ်။ ဒါမှ ဘယ်လောက်တောင် အသုံးမဝင်ဘူးလဲဆိုတာကို လူတွေ နားလည်သွားကြမှာပါ။

3. လွတ်လပ်မှုနဲ့ ဆောင်ရွက်ချက်တွေကို ကိုယ်စားပြုရမယ်

တစ်ယောက်ယောက်က အတင်းအကျပ်စေခိုင်းလို့ လုပ်လိုက်တာမျိုးမဟုတ်ရပါဘူး။ ကိုယ့်ရဲ့ လွတ်လပ်တဲ့ တွေးခေါ်မှုအရ ထွက်ပေါ်လာတာပဲ ဖြစ်သင့်ပါတယ်။ ပုံမှန် စျေးကွက်စီးပွားရေးအရ လိုအုပ်နေတဲ့ ပစ္စည်းအတော်များများကိုတော့ စွမ်းဆောင်ရည်၊ အသုံးပြုရလွယ်ကူမှုနဲ့ အသုံးဝင်မှု စတဲ့ အချက်တွေကို စဥ်းစားပြီး ထုတ်ထားကြတာပါ။

4. အသုံးမဝင်ဘူးဆိုတာကိုလည်း လူတိုင်းက နားလည်နေရမယ်

သက်ဆိုင်ရာ နယ်ပယ်တစ်ခုခုထဲက (ဥပမာ – ဆရာဝန်တွေ၊ စက်ပြင်သမားတွေ၊ သိပ္ပံပညာရှင်တွေ) လောက်ကပဲ ဒါက အသုံးမဝင်နိုင်ပါဘူးလို့ နားလည်နေရုံနဲ့ chindougu လို့ ခေါ်လို့မရသေးပါဘူး။

ဥပမာ – အာကာသထဲမှာ အသုံးပြုဖို့ ပစ္စည်းတစ်ခုခုထွင်လိုက်တယ် ဆိုပါစို့။ အဲဒီပစ္စည်းဟာ အသုံးမဝင်ကြောင်းကို အာကာသနဲ့ဆိုင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ယောက်ရဲ့ စစ်ဆေးမှုလိုအပ်နေသေးရင် chindougu မဟုတ်သေးပါဘူး။ သာမန်လူတစ်ယောက်လောက်ကပဲ ကြည့်တာနဲ့ အသုံးမဝင်လောက်ပါဘူးလို့ သဘော‌ပေါက်သွားနိုင်တဲ့ တီထွင်မှုမျိုး ဖြစ်ဖို့လိုပါတယ်။

5. ရောင်းချဖို့ မဟုတ်ရပါဘူး

တီထွင်ထားတဲ့ ပစ္စည်းကို ငွေကြေးနဲ့ ဖလှယ်ပြီး ရောင်းချလိုက်ပြီဆိုရင်တော့ chindougu အဖြစ်ကနေ ပျက်ပြယ်သွားပါပြီ။

6. ဟာသတစ်ခုအဖြစ် အမြဲတမ်း  ပြုလုပ်နေစရာမလိုပါဘူး 

Chindougu တစ်ခုခုက ရယ်စရာအဖြစ် ဖြစ်သွားတယ်ဆိုတာက ဘေးထွက်အကျိုးတစ်ခုအနေနဲ့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဟာသဖြစ်ဖို့ တစ်ခုတည်းအတွက် ဦးတည်ပြီး တီထွင်တယ်ဆိုရင်တော့ chindougu အဖြစ်ခေါ်ဆိုဖို့ ခက်ခဲသွားနိုင်ပါတယ်။ ပြဿနာတစ်ခုခုကို ဘယ်လို ဆန်းသစ်တဲ့နည်းလမ်းနဲ့ ဖြေရှင်းသလဲဆိုတာနဲ့ အဲဒီနည်းလမ်းကို လူတွေက အကျွမ်းမဝင်သေးတာမို့ ရယ်စရာအဖြစ် ရှုမြင်သွားတာကိုတော့ တားလို့ ရနိုင်မှာ မဟုတ်ပါဘူး။

7. ဝါဒ မဖြန့်ချိရပါဘူး

ဒီပစ္စည်းတွေကို တီထွင်ကြတာဟာ ပြဿနာ တစ်ခုခုကို ဖြေရှင်းလိုက်ဖို့ကြိုးစားရာကနေ ဖြစ်လာတဲ့ တီထွင်မှုတွေပါ။ ပြဿနာပိုရှုပ်လာစေနိုင်တဲ့ အတွေးအခေါ်တစ်ခုခု၊ ဝါဒတစ်ခုခု (ဥပမာ –  ကွန်မြူနစ်ဝါဒ၊ အခြားလူအများ သဘောမကျတဲ့ ဝါဒတစ်ခုခု) လိုမျိုးကို ဖြန့်ချိဖို့အတွက် တီထွင်တာ မဖြစ်ရပါဘူး။

8. မညစ်ညမ်းရပါဘူး

ညစ်ညမ်းတဲ့ အောက်လုံးတွေနဲ့ လူတွေကို ကလိထိုးရယ်မောစေတတ်တာမျိုးက chindougu နဲ့ မဆိုင်ပါဘူး။ အောက်လုံးဟာသတွေ၊ ရယ်စရာတွေဟာ အဆင့်အတန်းနိမ့်ပါတယ်။ သက်ရှိသတ္တဝါတွေနဲ့ ကိုယ်လက်အင်္ဂါချို့တဲ့သူတွေ၊ အသားအရောင်တွေ စသဖြင့်အပေါ်မူတည်ပြီး ရယ်စရာအဖြစ်လုပ်တာကိုလည်း chindougu က လက်မခံပါဘူး။

9. မူပိုင်ခွင့် မတင်ရပါဘူး

လူအများလက်လှမ်းမီတဲ့ အသိဉာဏ်ဆိုင်ရာ အချက်အလက်တွေကို သိုမှီးတဲ့နေရာတွေမှာ chindougu ကို ထိန်းသိမ်းထားနိုင်ပါတယ်။ လွယ်လင့်တကူ လုပ်နည်း နိဿရည်းတွေကို လူတွေ လက်လှမ်းမီရပါမယ်။ ပြန်လည်ဖန်တီးချင်ရင်လည်း ခွင့်ပြုပေးရပါမယ်။ တစ်စုံတစ်ယောက်တည်းက မောင်ပိုင်စီးပြီး မူပိုင်ခွင့်တင်ထားတာမျိုး မလုပ်ရပါဘူး။

10. Chindougu တွေဟာ ခွဲခြားမှုမရှိရပါဘူး

လူသားတိုင်းကို လေးစားရမှာဖြစ်ပြီး လူမျိုးစု၊ ကိုးကွယ်ရာဘာသာတရား၊ အသက်အပိုင်းအခြားနဲ့ လူမှုအဆင့်အတန်းတွေ စသဖြင့်ကို ခွဲခြားမယ်ဆိုရင် chindougu အဖြစ်သတ်မှတ်လို့မရပါဘူး။ Chindougu အနေနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာမှုရှိရပါမယ်။

ဥပမာများ

အပေါ်က ပညတ်ချက်တွေဖတ်ပြီးပြီဆိုရင်တော့ chindougu ရဲ့ ဥပမာလေးတွေကို ကြည့်ကြည့်ပါဦး။ 

ပြီးရင်တော့ ပညတ်ချက်တွေနဲ့ ကိုက်နေသလား၊ မကိုက်ဘူးဆိုတာကိုလည်း စဥ်းစားကြည့်ပါ။

BUTTER STICK

နာမည်ကြီး လူသိအများဆုံး chindougu ဖြစ်နိုင်ပါတယ်။ အဲဒီခေတ်တုန်းက အထူးအဆန်း အိုင်ဒီယာတစ်ခုဖြစ်ခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ တကယ့် လူသုံးပစ္စည်းတစ်ခုအနေနဲ့ ဝယ်လို့ရတဲ့ နေရာတွေရှိလာပါပြီ။

butter stick

ပေါင်မုန့်ကို ထောပတ်သုတ်စားရာမှာ ထောပတ်သုတ်တဲ့ ဓားတွေကို ဆေးစရာမလိုတော့သလို၊ ထောပတ်အလေအလွင့်လည်းနည်းသွားမှာပါ။ တကယ်လည်း အသုံးဝင်တာကြောင့် chindougu အနေနဲ့ ဆက်သတ်မှတ်ဦးမှာလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

360-DEGREE CAMERA HAT

ကင်မရာမြင်ကွင်းကို (၃၆၀) ဒီဂရီရိုက်လို့ရတာ ခုခေတ်ပေါ် စမတ်ဖုန်းတွေမှ ပေါ်လာတာမဟုတ်ပါဘူး။ (ခုခေတ်ဖုန်းတွေထဲမှာ panorama ဖန်ရှင်ပါပါတယ်။)

360- degree camera hat

ဒီကင်မရာကတော့ ခေါင်းပေါ်မှာ ဦးထုပ်လို ဆောင်းရတာပါ။ ဖလင်ကင်မရာမို့ ချက်ချင်းတော့ ပုံတွေ ရဦးမှာ မဟုတ်သေးပါဘူး။ ဓာတ်ပုံဆိုင်တစ်ခုခုမှာ သွားပြီး ဓာတ်ပုံကူးရဦးမှာပါ။ ရလာတဲ့ ပုံတွေကိုတော့ (၃၆၀) ဒီဂရီမြင်ကွင်းပြည့် ဖြစ်ဖို့ဆိုရင် တိပ်နဲ့ကပ်‌ပေးရပါလိမ့်မယ်။

NOODLE COOLER

တခါတလေမှာတော့ ramen တွေနဲ့ udon ခေါက်ဆွဲတွေဟာ ဘယ်လောက်ပဲ အေးသွားအောင် မှုတ်မှုတ် တော်တော်ပူတာပါ။ နိုင်ငံခြားသားတွေ တအံ့တသြဖြစ်ရတာက ဂျပန်လူမျိုးတွေရဲ့ ခေါက်ဆွဲစားပုံတွေကိုပါ။ ပူပူလောင်လောင်‌ခေါက်ဆွဲတစ်ပွဲကို အပူမလောင်ပဲ ပူပူလောင်လောင်ချည်းကိုပဲ ပူပူလောင်လောင် စားနိုင်စွမ်းရှိကြပါတယ်။ 

noodle cooler

မမှုတ်နိုင်တဲ့သူတွေအတွက်ကတော့ ဖြေရှင်းဖို့ လွယ်ပါတယ်။ တူမှာ chindougu ပန်ကာလေး တပ်ထားလိုက်ရင် အဆင်ပြေမှာပါ။ 

မြန်မာနိုင်ငံက ခေါက်ဆွဲချစ်သူတွေနဲ့ ဟော့ပေါ့ ချစ်သူ၊ မာလာရှမ်းကောချစ်သူတွေအတွက်လည်း အဆင်ပြေလောက်မှာပါ။

SHOE BROOM AND DUSTPAN

လူတွေဟာ အရမ်းအပျင်းကြီးပါတယ်။ အမှိုက်လေးတစ်စတွေ့နေတာတောင် မကောက်ဖြစ်ပဲ၊ ကျော်သွားမိတဲ့ အဖြစ်တွေ လူတိုင်းမှာ မရေမတွက်နိုင်အောင် ရှိနေမှာပါ။ 

shoe broom and dustpan

နောက်တစ်ချက်ကတော့ အမှိုက်ကောက်ဖို့ ခက်ခဲတာပါ။ အထူးသဖြင့် ဗိုက်အရမ်းပူတဲ့ သူတွေ၊ သက်ကြီးရွယ်အိုတွေအနေနဲ့ ခါးကုန်းပြီး အမှိုက်ကို ကောက်လိုက်ဖို့က အလွန်ခက်ပါတယ်။ 

ခုလိုသူမျိုးတွေအတွက် ဒီဖိနပ်လေးကတော့ အသုံးဝင်မှာပါ။ ဒါပေမယ့် ဂေါ်ပြားနဲ့ ကျုံးလိုက်တဲ့ အထဲမှာ ပါလာတာ ကင်းခြေများတစ်ကောင်ဆိုရင်တော့ သတိထားပါ။ ခြေထောက်ကနေ အပေါ်ကို ကင်းခြေများက ဆက်တက်သွားမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။

LIPSTICK GUIDE

အမျိုးသားတွေ ကောင်းကောင်းမလုပ်တတ်တဲ့ အရာရှိပါတယ်။ အဲတာကတော့ နှုတ်ခမ်းနီဆိုးတာပါ။ မယုံရင် ကိုယ့်အသိအမျိုးသား တစ်ယောက်ယောက်ကို နှုတ်ခမ်းနီဆိုးပြဖို့ ခိုင်းကြည့်ပါ။ သူကောင်းကောင်း မလုပ်တတ်တာမို့ အကြောက်အကန်ငြင်းဆန်နေမှာပါပဲ။ 

lipstick guide

တချို့အမျိုးသမီးတွေလည်း နှုတ်ခမ်းနီသိပ်မဆိုးတတ်ကြပါဘူး။ မညီပဲဖြစ်သွားတာ၊ သွားကိုပါ ဆိုးမိတာ စသဖြင့် ရှိကောင်း ရှိလာနိုင်ပါတယ်။ အဲဒီလိုလူတွေအတွက် ခုလို နှုတ်ခမ်းနီဆိုးဖို့ chindougu လေးက အသုံးဝင်မှာပါ။

UMBRELLA SHOES

ကားတစ်စီးက ဗွက်အိုင်တစ်ခုကို ဖြတ်မောင်းသွားလို့ စျေးကြီးလှတဲ့ ရှူးဖိနပ်တွေ ပေကုန်၊ စင်ကုန်မှာကို ပူစရာမလိုတော့ပါဘူး။ 

umbrella shoes

Gucci လို၊ Air Jordans လိုမျိုး စျေးကြီးတဲ့ ဖိနပ်တွေကို စီးလေ့ရှိတဲ့ သူတွေအတွက်ကတော့ မိုးတွင်းဆိုတာ အိပ်မက်ဆိုးပါပဲ။ ခြေအိတ်တွေရေစိုခဲ့ရင်လည်း အလွန်နေရခက်တာပါ။

CAMERA UMBRELLA

ဂျပန်နိုင်ငံရဲ့ ရာသီဥတုက ကြမ်းတမ်းတဲ့ အထဲ ပါပါတယ်။ မိုးရွာရင်ရွာ၊ မရွာရင် နှင်းကျ၊ ဒါမှ မဟုတ်ရင်တော့ မုန်တိုင်းဝင်နေတာပါ။ 

camera umbrella

ယခင်က ရေလုံနည်းပညာတွေ ကင်မရာတွေမှာ မပါဝင်သေးတာမို့ ဆိုးရွားတဲ့ ရာသီဥတုတွေအတွက် ကင်မရာလေးကို ဆောင်းပေးမယ့် ထီးလေးပါ။

BACK SCRATCH GUIDE

ကျောယားတဲ့ ဝေဒနာဟာ တကယ်ဆိုးပါတယ်။ ကိုယ့်ဖာသာကုတ်ရင်လည်း ဟိုမမီ၊ ဒီမမီ။ 

တစ်ယောက်ယောက်ကို ကုတ်ခိုင်းပြန်တော့လည်း ဟိုဘက်နားလေး၊ ဒီဘက်နားလေး ပြောနေရတာနဲ့ လိုရင်းမရောက်တော့ပါဘူး။ 

back scratch guide

ဒီအင်္ကျီလေးကတော့ အမှတ်အသားပါပါတယ်။ သူနဲ့အတူ ကဒ်ကလေးတစ်ခုပါပါတယ်။ ကျောယားလာပြီဆိုရင် ကဒ်ကလေးထဲက နေရာလေးကို ထောက်ပြပြီး၊ အဲဒီနေရာကို တစ်ယောက်ယောက်ကို ကုတ်ခိုင်းရုံပါပဲ။

HAY FEVER HEADSET

နှာရည်ယိုတာ ဂျပန်မှာ အတွေ့ကြုံရဆုံးသော စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုထဲ ပါပါတယ်။ 

နှာရည်ယိုရင် ဖြေရှင်းနည်းက ရှူသွင်းပြီး မျိုချလိုက်တာ၊ ဒါမှ မဟုတ် တစ်ခုခုနဲ့ သုတ်ပစ်လိုက်တာမျိုးနဲ့ အဆင်ပြေပါတယ်။

hay fever headset

ဒါပေမယ့် လူကြားသူကြားထဲ ရောက်နေခဲ့ရင်တော့ တစ်ရှူးလိုအပ်မှာပါ။ တစ်ရှူးကုန်သွားမှာကိုလည်း စိတ်မပူရအောင် ခု chindougu လေးကို စမ်း အသုံးပြုနိုင်ပါတယ်။

EYEDROP FUNNEL GLASSES

စာဖတ်များသူတွေ၊ ကွန်ပြူတာနဲ့ ဖုန်း အသုံးများတဲ့ သူတွေအတွက် မျက်စဥ်းခတ်ရတာ အလုပ် တစ်ခုပါ။ ဒါပေမယ့် ဘယ်လောက်ပဲ အလေ့အကျင့်ရှိနေတဲ့သူဖြစ်ဖြစ် မျက်လုံးထဲ‌ရောက်အောင် မျက်စဥ်းကို ခတ်ရတာ ခက်ခဲပါတယ်။ 

eyedrop funnel glasses

ဒါတွေကို ဖြေရှင်းဖို့ chindougu မျက်မှန်လေးမှာ မျက်လုံးကို တည့်တည့်ချိန်ထားတဲ့ ကတောလေးတွေ တပ်ဆင်ထားပါတယ်။

BABY MOP (OR CAT MOP)

ကြောင်တွေနဲ့ ကလေးတွေလောက် အပျင်းကြီးတဲ့သူတွေရှိမယ်မထင်ပါဘူး။

baby mop

ကြောင်ရော၊ ကလေးရော အချိန်မှန် အစာကျွေးရတယ်။ နည်းနည်းလေး နောက်ကျရင်တောင် အော်တယ်။ ဘာအလုပ်မှတော့ ပြန်မလုပ်ပေးပါဘူး။ 

cat mop

ဒါပေမယ့် သူတို့တွေရဲ့ တူညီတဲ့ အချက်က တရားလွန်ဆော့ကြတာပါ။ ဒီတော့ အလုပ်ခိုင်းမရမယ့်အတူတူ အဝတ်စလေးတွေ တပ်ပေးထားရင် အိမ်သန့်ရှင်းရေးလည်း လုပ်ပြီးသားဖြစ်သွားမှာပါပဲ။ ဒါပေမယ့် အဲဒီ အိုင်ဒီယာလေးကို ယူပြီး အွန်လိုင်းမှာ ပစ္စည်းတစ်ခုအနေနဲ့ တကယ်ရောင်းချနေပါတယ်။

SWISS ARMY GLOVES

သွားပွတ်တံဆိုတာ ဘာပါလဲ? အမွှေးတချို့ကို တုတ်တံ တစ်ခုခုမှာ အဆင်ပြေအောင် တပ်ထားတာပါ။

swiss army gloves

ဒါဖြင့် ကိုယ့်လက်ညိုးဆိုတာရော အစားထိုးအနေနဲ့ မဖြစ်နိုင်ဘူးလား? ဒီလို စဥ်းစားကြည့်ရင် ထူးဆန်းတယ်ထင်ရပေမယ့် မြန်မာနိုင်ငံရဲ့ တချို့ကျေးလက်ဒေသတွေမှာ လက်နဲ့ တံပူထိုးတယ်ဆိုတဲ့ သွားတိုက်ပုံရှိနေတုန်းပါပဲ။

ONION CHOPPING GLASSES

အိမ်ရှင်မတွေကတော့ အတော်လေး အကြိုက်တွေ့ကြမှပါ။ ကြက်သွန်လှီးတဲ့အခါ မျက်ရည်မကျပဲ လှီးလို့ရအောင် အထူးထုတ်ထားတာပါပဲ။ ဗီဒိယိုကို ကြည့်ကြည့်ပါ။

တကယ်တော့ ကြက်သွန်လှီးရင် မွှန်ပြီး မျက်ရည်ကျရတာဟာ ကြက်သွန်ကထွက်ရှိလာတဲ့ ဓာတ်ငွေ့တွေ မျက်လုံးထဲ ဝင်လို့ဖြစ်ပါတယ်။ ခု မျက်မှန်မှာတော့ ဓာတ်ငွေ့တွေ မျက်လုံးထဲ မဝင်ရအောင် ပန်ကာနဲ့ မှုတ်ထုတ်ပေးတာပါ။ 

တကယ်အလုပ်ဖြစ်မဖြစ်တော့ မသိပါဘူး။

NOODLE SPLASH GUARD

Ramen ခေါက်ဆွဲတစ်ခွက်ကို မြန်မြန်စားခြင်းကတော့ ဟင်းရည်တွေဟာ အင်္ကျီတွေပေါ်ကို အစက်တွေစင်ပြီး ပေကျံစွန်းထင်းခြင်းဖြင့် အဆုံးသတ်တတ်ပါတယ်။

noodle splash guard

အမျိုးသားတွေကတော့ သိပ်ဂရုထားလေ့မရှိပေမယ့်၊ သေသေချာချာလှလှပပ ပြင်ဆင်လာတဲ့ အမျိုးသမီးတစ်ယောက်အတွက်ကတော့ အင်္ကျီတွေမှာ ခေါက်ဆွဲဟင်းရည် အစက်တွေ စင်ကုန်တာက အိပ်မက်ဆိုးတစ်ခုပါပဲ။ ခု chindougu လေးကတော့ အဲဒီလိုတွေ မဖြစ်ရအောင် ကာကွယ်ပေးမှာပါ။

UMBRELLA TIE

ဂျပန်မှာ ပြဿနာအရှိဆုံးက ထီးပြဿနာပါပဲ။ နေခြစ်ခြစ်တောက် ပူနေရာကနေ ရုတ်တရက် မိုးရွာချချင် ချတာမျိုးဆိုတော့ ထီးမေ့လာတဲ့ ပြဿနာဟာ လူတိုင်းနေ့စဥ်လိုလို ကြုံတွေ့နေတာပါ။

umbrella tie

နက်ခ်တိုင်ကတော့ ဂျပန်မှာ ရုံးအလုပ်ဝင်နေရတဲ့ အမျိုးသားတိုင်း မေ့လို့မဖြစ်တဲ့ အဆင်တန်ဆာတစ်ခုပါပဲ။ ဒီတော့ အမေ့လွယ်တဲ့ ပစ္စည်းကို၊ မေ့လို့ မဖြစ်တဲ့ ပစ္စည်းနဲ့ တွဲပေးလိုက်တာဟာ မေ့တဲ့ ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

Chindougu နက်ခ်တိုင်ထီးလေးပါ။

SUBWAY SLEEPER

ကိုယ်က တစ်နေ့လုံး အလုပ်တွေပင်ပင်ပန်းပန်းလုပ်လာခဲ့တယ်။ ရထားစီးပြီး အိမ်ပြန်တဲ့ အချိန်လေးကတော့ တကယ် အိပ်လို့ကောင်းတဲ့ အချိန်ပါပဲ။ ဒါပေမယ့် အိပ်မောကျနေပြီး ကိုယ်ဆင်းရမယ့် မှတ်တိုင်ကျော်သွားခဲ့ရင်ရော?

subway sleeper

Subway Sleep Hat လို့ အမည်ပေးထားတဲ့ ဦးထုပ်လေးကတော့ ရထားထဲမှာ အိပ်နေတုန်း ရှေ့ကို ငိုက်မကျသွားအောင် အပြင် နဖူးနေရာမှာလည်း ကိုယ်ဆင်းချင်တဲ့ မှတ်တိုင်ကို ရေးပြီး ကိုယ်ဆင်းချင်တဲ့ မှတ်တိုင်နေရာကိုရောက်ရင် ကိုယ့်ကို နှိုးပေးဖို့ ကပ်ထားလို့ရတာမို့ အဆင်ပြေမှာပါ။

THE SELFIE STICK

ဆိုင်တွေပေါ်မှာ selfie stick ဆိုပြီး မပေါ်ပေါက်ခင်က chindougu ပါ။ 

အားလပ်ရက်အပန်းဖြေခရီးတစ်ခုမှာ Kenji Kawakami က အကြံရခဲ့တာပါ။ သူက ကလေးတစ်ယောက်ကို သူ့ကင်မရာလေးပေးပြီး သူ့ပုံကို ရိုက်ခိုင်းခဲ့ပါတယ်။ သူပေးပြီး ဟိုဘက်လှည့်လိုက်တော့ ကလေးက ကင်မရာယူပြီး ထွက်ပြေးသွားခဲ့ပါတယ်။

slefie stick (Source: elPadawan)

ဒါနဲ့ပဲ (၁၉၈၃) ခုနှစ်မှာ “Self Portrait Camera Stick” ဆိုပြီး သူတီထွင်ခဲ့ပါတယ်။ ဂျပန် ကင်မရာ ကုမ္ပဏီကြီး Minolta က သူ့တီထွင်မှုကို ကုန်ပစ္စည်းအနေနဲ့ ထုတ်လုပ်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ (၁၉၉၅) ခုနှစ်မှာတော့ Kawakami က သူ့ရဲ့ ပထမဆုံး Chindougu စာအုပ်ထဲမှာ chindougu အနေနဲ့ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

Chindougu ပညတ်ချက်တွေနဲ့ ငြိနေတာမို့ chindougu တစ်ခု အဖြစ် သတ်မှတ်မယ် မသတ်မှတ်ဘူးဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

CHINDOGU သမိုင်း

Chindougu ရဲ့ သမိုင်းကြောင်းကို ပြောမယ်ဆိုရင်တော့ Keji Kawakami ဆိုတဲ့ လူတစ်ယောက်ရဲ့ သမိုင်းကြောင်းလို့ ပြောလို့ရမှာပါ။ 

Kawakami ကို (၁၉၄၆) ခုနှစ် Nara ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ လေကြောင်းသိပ္ပံပညာရပ်ကို Tokai တက္ကသိုလ်မှာ (၁၉၆၇) ခုနှစ်က ဆည်းပူးခဲ့ပေမယ့် (၁၉၇၀) ပြည့်နှစ်ကာလများရဲ့ ကျောင်းသားလှုပ်ရှားမှုအရေးအခင်းတွေမှာ ပါဝင်ခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။

(Source – Touristos)

(၁၉၆၀) ပြည့်နှစ်များတုန်းက ဂျပန်ကျောင်းသားလူငယ်တွေဟာ ဂျပန်အစိုးရနဲ့ အမေရိကန်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပါတယ်။ Kawakami ဆိုရင် ရဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို မိုလိုတော့ဗ် (molotov) တွေနဲ့ကို ပေါက်ခဲ့တာပါ။ အဲဒီလိုမျိုး ပုံမှန်တကျမဟုတ်တဲ့ ဘဝလမ်းကြောင်းကပဲ Kawakami ကို chindougu လမ်းကြောင်းထဲကို ဆွဲခေါ်ခဲ့သလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။

ကျောင်းသားလှုပ်ရှားမှုတွေဟာလည်း နှစ်ကာလကြာလာတာနဲ့အမျှ တဖြည်းဖြည်းအားပျော့သွားပြီး၊ လက်ဝဲယိမ်းအဖွဲ့အချို့ဟာလည်း အချင်းချင်းမသင့်မမြတ်ဖြစ်ကုန်ကြတာနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ (၁၉၈၀) ပတ်ဝန်းကျင်လောက်မှာတော့ အရင်က သူတို့ဆန့်ကျင်ခဲ့ကြတဲ့ ဂျပန်လူနေမှုဘဝစနစ်ကြီးထဲကို ပြန်လည်ဝင်ရောက်လာကြပါတော့တယ်။ Kawakami ဟာ အလုပ်မျိုးစုံ အောင်လုပ်ပါတယ်။ အများအားဖြင့်ကတော့ စာရေးသားတာနဲ့ တည်းဖြတ်တာပါ။

အဲဒီလို စာရေးသားတာတွေကြောင့် အဲဒီအချိန်တုန်းက နာမည်ကြီးတဲ့  Tsuhan Seikatsu 通販生活つはんせいかつ ဆိုတဲ့ စျေးဝယ်လမ်းညွှန် မဂ္ဂဇင်းမှာ အယ်ဒီတာအလုပ်ရခဲ့ပါတယ်။ တကယ်တော့ Kawakami က ရုပ်ပစ္စည်းဗဟိုပြုဝါဒကို ရွံ့မုန်းပါတယ်။ 

အရာဝတ္ထုတွေဟာ ရောင်းကုန်တွေဖြစ်ကုန်တဲ့ ရုပ်ပစ္စည်းဗဟိုပြုဝါဒကို ကျွန်တော်ဆန့်ကျင်ပါတယ်။

Kenji Kawakami

ကိုယ်မနှစ်သက်တဲ့ အရာတစ်ခုကို အလုပ်အကိုင်တစ်ခုအဖြစ် လုပ်နေခဲ့ရတဲ့ Kawakami အနေနဲ့ chindougu ဘက်ကို စိတ်အားထက်သန်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Tsuhan Seikatsu မှာ သူရှိနေတဲ့ အချိန်ကစပြီး သူ့ရဲ့ “အသုံးမဝင်တဲ့ တီထွင်မှု” တွေကို စတင်လုပ်ခဲ့တာပါ။

သူ့အနေနဲ့ စာတိုက်ကနေ ပစ္စည်းတွေအော်ဒါကောက်ပေးတဲ့အပိုင်းမှာသာ အလုပ်မလုပ်ခဲ့ရင် chindougu ဆိုတာ စိတ်ကူးယဥ်အနေနဲ့ပဲ လေထဲမှာ ပျောက်ကွယ်သွားမှာပါ။ အယ်ဒီတာတစ်ယောက်အဖြစ်သူဟာ မဂ္ဂဇင်းဖေါင်ပြည့်အောင် ဖြည့်ပေးရမယ့် တာဝန်ရှိပါတယ်။ တစ်လမှာတော့ ဖေါင်မပြည့်ပဲ ဖြစ်နေပါတယ်။ 

ကြံရာမရတဲ့ Kawakami လည်း လွတ်နေတဲ့ စာမျက်နှာတွေကို ရောင်းဖို့မဟုတ်တဲ့ ပစ္စည်းနဲ့ဖြစ်အောင် ဖြည့်လိုက်ပါတယ်။ ပထမတစ်ခုကတော့ မျက်စဥ်းခပ်တဲ့ ကတော့မျက်မှန်ပါ။ (သူကိုယ်တိုင် သုံးနေခဲ့တဲ့ဟာပါ။) နောက်တစ်ခုကတော့ ဆိုလာနဲ့ ဆက်ထားတဲ့ ဓာတ်မီးပါ။ (ဓာတ်ခဲပြန်အားသွင်းတာမပါပါဘူး။ နေ့ခင်းမှာပဲ လင်းတာပါ။ ညကျ မလင်းပါဘူး။) ပြီးတော့ “chindougu” လို့ ခေါင်းစဥ် တပ်လိုက်ပါတော့တယ်။ 

သူ့တီထွင်မှုတွေက ချက်ချင်းပဲ ပေါက်သွားပါတော့တယ်။ စာဖတ်သူတွေအနေနဲ့ Kawakami ပြုလုပ်စုဆောင်းထားတာတွေအကုန်ကို ဖတ်ချင်၊ သိချင်ကြပါတော့တယ်။ သိပ်မကြာခင်မှာပဲ အနုပညာပြပွဲတွေ၊ အင်တာဗျူးတွေ၊ TV ရှိုးတွေကနေ ဖိတ်ကြားခံရပါတော့တယ်။ 

ရှစ်လလောက်ကြာတဲ့ အခါမှာ the Tokyo Journal ဆိုတဲ့ အင်္ဂလိပ်မဂ္ဂဇင်းတစ်ခုရဲ့ စာရေးဆရာ Dan Papia ကသိပြီး Kawakami ရဲ့ အယူအဆတွေကို သဘောကျသွားပါတော့တယ်။ 

Dan အနေနဲ့ Kawakami ရဲ့ အယူအဆတွေ၊ တီထွင်မှုတွေကို အင်္ဂလိပ်ဘာသာနဲ့ အနောက်နိုင်ငံတွေကို စတင်မိတ်ဆက်ပေးပါတော့တယ်။ အနောက်နိုင်ငံတွေမှာပါ Kawakami ရဲ့ တီထွင်မှုတွေဟာ နာမည်ရပြီးကျော်ကြားလာခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ Tokyo Journal ရဲ့ စာဖတ်သူတွေဟာ သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ chindougu တွေကို Dan ရဲ့ ရုံးကို ပို့ပါတော့တယ်။ Dan ရဲ့ ခေါင်းထဲမှာ အသိတစ်ခုလက်ကနဲ ဖြစ်သွားလိုက်ပါတယ်။ Dr. Kawakami အနေနဲ့ သူတစ်ယောက်တည်းကပဲ “အသုံးမဝင်တဲ့ တီထွင်မှုတွေ” ကို လုပ်နေတာ မဖြစ်သင့်ပါဘူး။ ဒါဟာ အနုပညာရပ်တစ်ခုပဲမို့ အခြားသူတွေကိုလည်း ပါဝင်ဖို့ လမ်းကြောင်းဖေါက်ပေးဖို့လိုနေပြီလို့ သဘောပေါက်လာပါတော့တယ်။ 

(၁၉၉၅) ခုနှစ်မှာ Kenji Kawakami နဲ့အတူ Dan ဟာ International Chindougu Society ကို တည်ထောင်လိုက်ပါတော့တယ်။ အဲဒီနှစ်မှာပဲ “101 Unuseless Japanese Inventions: The Art of Chindogu” ဆိုတဲ့ စာအုပ်ကို ပူးပေါင်းထုတ်ဝေလိုက်ကြပါတယ်။ နောက် (၂) နှစ်အကြာ (၁၉၉၇) ခုနှစ်မှာ “99 More Unuseless Japanese Inventions: The Art of Chindogu” ဆိုတဲ့ စာအုပ်ကို ထပ်မံထုတ်ဝေခဲ့ပါတယ်။

Chindougu ခေတ်ရောက်သွားတယ်လို့တောင် ပြောလို့ရပါတယ်။ သူတို့တည်ထောင်ခဲ့တဲ့ အဖွဲ့ထဲကိုလည်း အဖွဲ့ဝင်တွေ အများကြီး‌ရောက်လာသလို Hugh Fearnley-Whittingstall လိုမျိုး တက်တက်ကြွကြွနဲ့ အဖွဲ့ဝင်သစ်တွေကို အယူအဆတွေဖြန့်ဖြူးပေနေသူတွေလည်း ပေါ်လာပါတယ်။ Kenjji Kawakami ကိုလည်း အနောက်နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေရဲ့ ရုပ်သံအစီအစဥ်တွေကနေပါ အင်တာဗျူးတွေ ဖိတ်လာကြပါတယ်။ BBC ရဲ့ It’ll Never Work? နဲ့ Tomorrow’s World ဆိုတဲ့ အစီအစဥ်တွေမှာ ပင်တိုင် တင်ဆက်သူဖြစ်လာပါတယ်။ ဥရောပဘက်မှာတော့ သူ့ကို လူထူးလူဆန်းဉာဏ်ကြီးရှင်ကြီး တစ်ဦးလို မြင်ကြတာပါ။ အမေရိကဘက်ကတော့ Kawakami ကို ခပ်ကြောင်ကြောင် တီထွင်သူတစ်ဦးလို့ပဲ အမြင်ရှိခဲ့ကြပါတယ်။ ဟောင်ကောင်မှာတော့ ငွေရှင်ကြေးရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံလို့ရနိုင်လောက်မယ့် ပစ္စည်းအဆန်းထုတ်သူတစ်ဦးအဖြစ် ရှုမြင်ခဲ့ကြတာပါပဲ။

ဒီလို ကျော်ကြားခဲ့ပေမယ့် Kawakami ဟာ သူ့ရဲ့ တီထွင်မှုတွေကနေပြီးတော့ ပိုက်ဆံရှာတာမျိုးမလုပ်ခဲ့ပါဘူး။ (သူတို့ရဲ့  ပညတ်ချက် အမှတ်တစ်ပါ။) မူပိုင်ခွင့်ရုံးတွေမှာ မှတ်ပုံတင်တာမျိုး တစ်ခုမှ မလုပ်ခဲ့ပါဘူး။

လူတိုင်းနဲ့ ဆိုင်သင့်တဲ့ အရာတွေဟာ မူပိုင်ခွင့်တွေအဖြစ်နဲ့ တစ်ဦးတည်း မောင်ပိုင်စီးခံနေရတယ်။ မူပိုင်ခွင့်လောကဆိုတာ လောဘနဲ့ ညစ်တီးညစ်ပတ်လုပ်ကြတဲ့ လူတွေရဲ့ လောကပဲ။

Kenji Kawakami

ဒါ့အပြင် သူ့ရဲ့ ဟောပြောပွဲတွေ၊ ရုပ်သံအစီအစဥ်တွေကနေရခဲ့တဲ့ ငွေကြေးတွေကို ပြန်လှူခဲ့တာမျိုးတွေ၊ စာအုပ်တွေ၊ ဆောင်းပါးတွေကနေရတဲ့ ငွေကြေးတွေကို သူနှစ်သက်တဲ့ အသင်းအဖွဲ့တွေကို လှူပစ်လိုက်တာမျိုးတွေ အမျာကြီးလုပ်ခဲ့ပါတယ်။

Kawakami ဟာ အိမ်ထောင်မပြုခဲ့ပဲ တစ်ကိုယ်တည်းသာ အရိုးထုတ်ခဲ့ပါတယ်။ သူ့ရဲ့ အိပ်မက်စိတ်ကူးတွေအတိုင်းကို အပြည့်အဝအကောင်အထည်ဖေါ်ရင်း၊ အခြားစီးပွားရေး လက်ခွဲလေးတွေလည်း လုပ်ရင်းနဲ့ နေခဲ့တာပါ။

Chindougu ဆိုတာ ထိန်းချုပ်မှုကင်းမဲ့နေတဲ့ အသိဉာဏ်အလွှာကို အသိရှိရှိလှုံ့ဆော်ပေးတဲ့ ကစားနည်းတစ်ခု ဖြစ်ပါတယ်။

kenji kawakami

သူ့ရဲ့ အယူအဆတွေဟာ လူအတော်များများကို ကူးစက်ခဲ့ပါတယ်။ ဒါပေမယ့် chindougu ဟာ အချိန်ရဲ့ တိုက်စားမှုဒဏ်ကို ခံနိုင်ပါ့မလား?

Chindougu ပျံ့နှံ့လာခြင်း

(၉၀) ပြည့်နှစ်တွေတုန်းက chindougu အကြောင်းကို လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး အသင်းအဖွဲ့တွေ၊ အစည်းအရုံးတွေ၊ ပြပွဲတွေ အများအပြားကို ဂျပန်ပြည်တွင်းသာမှ ဥရောပနဲ့ အခြားအနောက်နိုင်ငံတွေမှာပါ အများအပြားပြုလုပ်ခဲ့ကြပါတယ်။

(Source – Touristos)

ခုနောက်ပိုင်းမှာတော့ chindougu ကို သီးသန့် အဖွဲ့တွေဖွဲ့ပြီးလုပ်ကြတာမျိုးတွေ နည်းပါးသွားပေမယ့် Facebook လို ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတာနဲ့ အမျှ DIY ဗီဒီယိုတွေလိုမျိုး အိမ်သုံးပစ္စည်းတစ်ခုခုကနေ အထူးအဆန်းလုပ်ပြတာမျိုးတွေကို ကြည့်ရှုသူသန်းနဲ့ချီပြီးရှိလာကြပါတယ်။

Kawakami ကို လူထူးလူဆန်းလို့ ပြောရမယ်ဆိုရင်လည်း မမှားပါဘူး။ သူ့ခေတ်အခါမှာ Digital နည်းပညာဆိုတာ ထွန်းကားကာစပဲ ရှိပါသေးတယ်။ သူကိုယ်တိုင် ထူးထူးဆန်းဆန်းပဲ digital နည်းပညာတွေကို သိပ်မနှစ်သက်ပါဘူး။ သူ့ကို analog လိုပဲ သတ်မှတ်ထားရင်တောင် ရပါတယ်။ 

“Digital ပစ္စည်းတွေကို ကြည့်မယ်ဆိုရင်တော့ လူတွေကို ခွဲခြားလိုက်ပြီး သူတို့ရှင်သန်ရာ ကမ္ဘာလေးထဲမှာပဲ ကန့်သတ်ထားလိုက်တာမျိုးနဲ့ တူနေပါတယ်။ လူ လူချင်းဆက်သွယ်လှုပ်ရှားတဲ့ အခါမျိုးမှာ ရရှိလာတဲ့ ပျော်စရာတွေကို digital ပစ္စည်းတွေသုံးတဲ့ သူတွေမသိပါဘူး။”

Kenji Kawakami

“နောက်ပေါ်လာတဲ့ digital နည်းပညာတွေဆိုတာ လူသားတွေရဲ့ ဘဝတွေကို အဆင်ပြေချောမွေ့အောင် အများကြီးလုပ်ပေးနိုင်တယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက လူတွေကို အပေါ်ယံတွေပဲ ခံစားချက်တွေပေးနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ခပ်တိမ်တိမ်ပဲ ဆက်ဆံရေးတွေထားကြတော့အောင် တွန်းပို့နေတာပါပဲ။” လို့ Kawakami က ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း chindougu အနေနဲ့ အနောက်နိုင်ငံက အသင်းအဖွဲ့တွေမှာ website တွေရှိပေမယ့် ဂျပန်က အဖွဲ့တွေဆီမှာတော့ website လွှင့်တင်ထားခြင်းမရှိပါဘူး။

အင်တာနက်ပေါ်မှာ သူဘာမှ မလုပ်ပေမယ့် အပြင်လက်တွေ့ဘဝမှာတော့ ဆက်တိုက်လှုပ်ရှားနေခဲ့တာပါ။ (၂၀၁၀) မှာတော့ သူအပြင်မှာ Documentary တစ်ခု အတွက် Kawakami ရဲ့ လုပ်ဆောင်ချက်အချို့မှတ်တမ်း ဗီဒီယိုလေး Youtube ပေါ်ကိုရောက်လာပါတယ်။

(၁၅) စက္ကန့်စီသာကြာမြင့်တဲ့ ဗီဒီယိုအတိုလေး (၉) ခုထဲမှာ Kawakami ကတော့ ရှေးခေတ် (၁၈) ရာစုတုန်းက အနောက်တိုင်းသားတစ်ယောက်လို အပြင်အဆင်ဖက်ရှင်နဲ့ပါ။ ဗီဒီယိုတွေကိုတော့ ChindouguSociety ဆိုတဲ့ Youtube channnel လေးက တင်ထားတာပါ။ ခုဒီဆောင်းပါး ရေးတဲ့အချိန်အထိ subscriber ဟာ (၂၆) ယောက်ပဲ ရှိပါတယ်။ အဲဒီဗီဒီယိုလေးတွေတင်ထားခဲ့တဲ့ နှစ်မှာပဲ Kawakami ဟာ ABC news နဲ့ အင်တာဗျူူးလုပ်ခဲ့ပါတယ်။

Chindougu စာအုပ်တွေကို အင်္ဂလိပ်ဘာသာကို ပြန်ဆိုခဲ့တဲ့ Dan Papia ကတော့ လက်ရှိအထိ The International Chindougu Society မှာ ဥက္ကဌတာဝန်ကို ယူထားတုန်းပါပဲ။ သူ့အနေနဲ့ အသင်းကို အမေရိကန်နိုင်ငံ Los Angeles မြို့မှာ စတင်တည်ထောင်ခဲ့တာပါ။ ယခုထက်ထိ website ဟာ နှစ်ပေါင်းများစွာကြာပေမယ့် တည်ရှိနေတုန်းပဲဖြစ်ပါတယ်။ သူဟာ တိုကျိုက Global COmmunications Arts Institute က ပါမောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။

Chindougu အဖွဲ့အစည်းတွေ ကမ္ဘာအနှံ့အသီးသီးပေါ်ပေါက်လာခဲ့ကြပြီး တချို့ အဖွဲ့တွေဆိုရင် အဖွဲ့ဝင်ပေါင်း “၁၀,၀၀၀” ကျော်တယ်လို့တောင် ဖေါ်ပြကြပါတယ်။ ဒါပေမယ့် ခုအနေအထားနဲ့ကတော့ မှန်ချင်မှ မှန်တော့မှာပါ။ အောက်က ဗီဒီယိုထဲမှာတော့ အမေရိကန်နိုင်ငံ Milwaukee မှာ လုပ်ခဲ့တဲ့ chindougu ပွဲထဲက မှတ်တမ်းလေးကို မြင်ရမှာပါ။

အမေရိကန်တွေရဲ့ chindougu အပေါ်စိတ်ဝင်စားမှုက လျော့ပါးသွားပေမယ့် ပြင်သစ်တွေအနေနဲ့ကတော့ မရပ်တန့်ကြသေးပါဘူး။ ပြင်သစ်နိုင်ငံမှာ The Chindogu Association of France ဆိုပြီးတော့ အဖွဲ့အစည်းအနေနဲ့ ရှိပါတယ်။ သူတို့က website တစ်ခုအနေနဲ့ လွှင့်တင်ထားခြင်းမရှိပေမယ့် “The 10 Commandments of Chindogu” ဆိုပြီး စာအုပ်အနေနဲ့ ထုတ်ဝေထားပါတယ်။

Foire Internationale de Marseille မှာလည်း (၂၀၁၃) နဲ့ (၂၀၁၄) ခုနှစ်တွေမှာ Kawakami အနေနဲ့ ပြပွဲတွေလုပ်ခဲ့ပါသေးတယ်။ အပေါ်က ဗီဒီယိုထဲမှာ (၂၀၁၃) ပြပွဲက မှတ်တမ်းအချို့ကို ကြည့်ရှုနိုင်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ (၂၀၁၆) ခုနှစ်က ပြုလုပ်ခဲ့တဲ့ Foire D’Automne ပွဲမှာ chindougu ပစ္စည်းတွေကိုလည်း အထူးအနေနဲ့ ထည့်သွင်းပြသခဲ့ပါတယ်။  Palais de Tokyo မှာလည်း (၂၀၁၅) ခုနှစ်တုန်းက အနုပညာမြောက်တဲ့ တီထွင်ဖန်တီးမှုတွေအဖြစ် Kawakami ရဲ့ chindougu ပုံတွေကို ထည့်သွင်းပြသခဲ့ပါတယ်။

Chindougu ကို ဆက်လက်ထိန်းသိမ်းဖို့ လို/မလို

(Source – Touristos)

တကယ့် မောင်းနှင်အားနဲ့ မီးရှူးတိုင်ကို ကိုင်ဆောင်ခဲ့တဲ့သူကတော့ chindougu ကို တီထွင်ခဲ့တဲ့ Kawakami ပါပဲ။ ဒါပေမယ့် သူဟာ လူသားတစ်ယောက်မို့ အမြဲတမ်းဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တစ်ယောက်ယောက်က သူထွန်းညှိခဲ့တဲ့ မီရှူးတိုင်ကို လက်ဆင့်ရမှာပါပဲ။ မေးစရာရှိတာက ဆက်လက်လုပ်ဆောင်သွားသင့်သလား ဆိုတာပါ။

Chindougu ဆိုပြီး နာမည်ကြီး ကျော်ကြားလာတဲ့ အချိန်ဟာလည်း ဂျပန်နိုင်ငံရဲ့ ပစ္စည်းအသစ်အဆန်းတီထွင်မှု အားကောင်းဆုံးဖြစ်နေတဲ့ အချိန်ပိုင်းခြားကာလဖြစ်နေတယ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ နေ့စဥ်ပုံမှန် နိစ္စဓူဝ သတ်မှတ်ချက်တွေထဲကနေ ခွဲဖြာထွက်လာတဲ့ တွေး‌ခေါ်ပုံတွေမို့လည်း လူများက အားပေးခဲ့ကြတာပါပဲ။ နောက်တစ်ခုက “ထူးခြားဆန်းပြား တီထွင်မှုများ” လို့ လူအများက မြင်ခဲ့ကြတာမဟုတ်ပဲ၊ “ထူးခြားဆန်းပြား ဂျပန်တီထွင်မှုများ” ဆိုပြီး လူအများက ရှုမြင်ခဲ့ကြတာပါ။ စာအုပ်အနေနဲ့ 101 Unuseless Japanese Inventions: The Art of Chindogu ဆိုပြီးတော့တောင် ထုတ်ထားတာရှိပါတယ်။ တကယ်က chindougu ရဲ့ လူတွေအံ့သြသွားစေနိုင်တဲ့ တီထွင်မှုတွေက Kenji Kawakami ကိုယ်တိုင်ဆီကပဲ ထွက်ပေါ်လာတာပါ။ ဂျပန်နိုင်ငံကြောင့်ဆိုပြီးတော့ ပြောမယ်ဆိုရင်တော့ မမှားပေမယ့် မမှန်ပြန်ပါဘူး။ သူ့ရဲ့ ဆန်းပြားတဲ့ အတွေးအ‌ခေါ်တွေနဲ့ အယူအဆတွေဟာ မားကတ်တင်းသမားတွေရဲ့ လက်ထဲမှာ “weird Japan” ဆိုပြီး အမျိုးမျိုးပုံဖေါ်ခံရပါတော့တယ်။ 

ဒါပေမယ့် သူ့ရဲ့ ဖေါက်ထွက်တွေးတောမှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေကိုတော့ မပျောက်ပျက်ရအောင် ထိန်းသိမ်းထားရင် ကောင်းမှာပါ။ Idea Champions မှာ Tim Moore ပြောခဲ့တာရှိပါတယ်။

ရလဒ်အနေနဲ့ ထွက်ပေါ်လာတဲ့ တီထွင်ဖန်တီးမှုတစ်ခုဟာ chindougu လိုမျိုး အူကြောင်ကြောင်ပဲ ဖြစ်ပါဦးတော့၊ ကိစ္စမရှိပါဘူး။ တကယ်အရေးကြီးတာက ဦးနှောက်ကို သန်စွမ်းစေဖို့ များများချိတ်ဆက်၊ များများတွေးခေါ်ရင်းနဲ့ပဲ ရှေးယခင်က မတွေးဖူးတာတွေ တွေးမိလာကြတာပါပဲ။

Tim Moore

တီထွင်ဖန်တီးမှုဆိုတာကတော့ ဒါပါပဲ။ တစ်ခုနဲ့ တစ်ခုရဲ့ ချိတ်ဆက်မှုတွေကို မြင်ပြီး အဲဒီချိတ်ဆက်မှုတွေကို တစ်ခုခုဖြစ်အောင် လုပ်ရဲတာမျိုးတွေပါ။ တခါတလေတော့ နေရာကျချင်မှ ကျမှာပါ။ ရလဒ်အနေနဲ့ ကိုယ်လိုချင်တဲ့ အရာတစ်ခုခုမထွက်ပေါ်လာရင်တောင်မှ၊ ကိုယ်လုပ်ချင်တာ တစ်ခုခုကို ပြီးမြောက်အောင် လုပ်ပြီးသားဖြစ်သွားမှာပါ။

SOURCES