ဘာသာစကားတစ်ခုကို ကျွမ်းကျင်ဖို့အတွက်ကတော့ တတ်နိုင်သမျှ ရင်းမြစ်များများကို အသုံးချဖို့၊ လေ့လာဖို့လိုပါတယ်။ အထူးသဖြင့်ကတော့ စာသင်ခန်းသုံးစာအုပ်တွေနဲ့တင် ရပ်မနေဘဲ၊ အပြင်စာတွေကို များများဖတ်တာ ပိုကောင်းပါလိမ့်မယ်။
မြန်မာနိုင်ငံအနေအထားနဲ့ကတော့ ဂျပန်ဘာသာစကားကိုလေ့လာဖို့အတွက် မြန်မာမှုပြု ပြန်ရှင်းပြပေးထားတဲ့ မီဒီယာတွေကတော့ နည်းပါးပါသေးတယ်။ Youtube ချန်နယ်တွေ၊ ဂိမ်းတွေ၊ Manga တွေ အတော်များများက အဓိပ္ပာယ်ရှင်းလင်းချက်တွေကို အင်္ဂလိပ်လိုပဲ တင်ဆက်ကြတာပါ။
ဒါကြောင့်မို့ ကိုယ်က ဂျပန်ဘာသာစကားလေ့လာနေတဲ့သူတစ်ယောက်လည်းဖြစ်တယ်၊ အင်္ဂလိပ်ဘာသာစကားကိုပါ အကျွမ်းတဝင်ရှိထားမယ်ဆိုရင်တော့ ခုပြောပြပေးမယ့် ဂျပန်ဘာသာစကားလေ့လာဖို့ နေရာလေးတွေက အတော်လေး အသုံးဝင်မှာပါ။
- Yomimono
- 小学生の語彙力アップ 実践練習ドリル1100
- Crystal Hunters Manga
- TokeiTango
- 極主夫道 The Way of the Househusband
- 生活者としての 外国人 向け 私らしく 暮らすための 日本語ワークブック
- Mina Luna Japanese
- Hammer
- Seize Japanese
YOMIMONO
အွန်လိုင်းကနေ ဂျပန်စာကို သင်ပေးတာပါ။ အစကနေ သင်ပေးတဲ့ သင်ခန်းစာတွေရှိသလို သူ့ကိုယ်ပိုင် စီစဥ်ပုံလေးနဲ့ သင်ခန်းစာတွေကို ပြုလုပ်ထားပါတယ်။

အခုမှ စသင်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင် စာလေးဆွဲတာလေးတွေအပြင်၊ Kanji၊ ဝေါဟာရတွေနဲ့ စာကြောင်းတည်ဆောက်ပုံ အယူအဆလေးတွေပါ ပါဝင်ပါတယ်။
သင်ခန်းစာတိုင်းက Kanji နဲ့ စတင်ပြီး အဲ့ဒီ Kanji နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို အသုံးချပုံတွေနဲ့ အစပြုထားပါတယ်။ ပြီးတော့ အဲံဒီ ဝေါဟာရတွေကိုအသုံးပြုပြီး စာကြောင်းတည်ဆောက်တဲ့ ဥပမာတွေနဲ့ ပုံစံမျိုးပါ။ အဆုံးသတ်မှာတော့ ဉာဏ်စမ်းလေးတွေနဲ့ စစ်ဆေးပေးပါတယ်။
Platform: Website
小学生の語彙力アップ 実践練習ドリル1100
ဂျပန်နိုင်ငံက မူလတန်းကျောင်းသားလေးတွေ ဝေါဟာရကြွယ်စေဖို့ ထုတ်ဝေထားတဲ့ စာအုပ်ပါ။ ကိုယ်ဘယ်လောက် ဝေါဟာရကြွယ်ဝသလဲဆိုတာကို စမ်းသပ်နိုင်မယ့် လေ့ကျင့်ခန်းပေါင်း (၁၁၀၀) ပါဝင်ပါတယ်။

စာမျက်နှာအတော်များများကတော့ အဆင့် (၃) ဆင့်ပါဝင်တဲ့ လေ့ကျင့်ခန်းတွေပါ။
- ပထမအဆင့်ကတော့ ဝေါဟာရတွေကို ဖတ်ရမှာဖြစ်ပြီး ကိုယ်သိမသိကို ပြန်ဆန်းစစ်တာပါ။
- ဒုတိယအဆင့်အနေနဲ့ကတော့ ကိုယ်သိထားတဲ့ စာလုံးတွေနဲ့ အံဝင်ခွင်ကျဖြစ်မယ့် အသုံးတွေကို စာကြောင်းတွေထဲမှာ ကွက်လပ်ဖြည့်ရတဲ့ လေ့ကျင့်ခန်းပါ။
- တတိယအဆင့်ကျတော့မှ စာလုံးတွေရဲ့ အဓိပ္ပာယ်ကို အသေးစိတ်ပြန်ရှင်းပြထားတာပါ။
အခြားလေ့ကျင့်ခန်းတွေလည်း အများအပြားပါဝင်ပါတယ်။
စာအုပ်ကို ဂျပန်နိုင်ငံက မူလတန်းကျောင်းသားတွေလေ့ကျင့်ဖို့ ထုတ်ထားတာဆိုပေမယ့် ဂျပန်ဘာသာစကားကို လေ့လာသင်ယူနေတဲ့ နိုင်ငံခြားသားတွေအတွက်ကတော့ N4/3 လောက်လေ့လာထားမှ အသုံးပြုဖို့ လွယ်ကူမှာပါ။
Kanji စကားလုံး အများအပြားပါဝင်ပြီး ဖတ်နည်း furigana လည်းပါဝင်ပါတယ်။ အဓိပ္ပာယ်နဲ့ ရှင်းလင်းချက်ကို ဂျပန်လိုပဲ ပြန်လည်ရှင်းပြပေးထားတာကြောင့် ဖတ်ဖို့ကတော့ အနည်းငယ်အားထုတ်ရမှာပါ။ ဂျပန်ဘာသာစကားကို လေ့လာနေတဲ့ သူတစ်ယောက်ဆိုရင်တော့ ဂျပန်လို ရှင်းပြထားတာကို ဖတ်တာက ပိုအသုံးဝင်မှာပါ။
Platform: Amazon.co.jp
Cost: ¥1,892
CRYSTAL HUNTERS MANGA
Manga ကို စွဲလမ်းနှစ်သက်ကြတဲ့ သူတွေ ဂျပန်နိုင်ငံထဲတင်မဟုတ်ပဲ တစ်ကမ္ဘာလုံးမှာပါ အများအပြားရှိပါတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်လိုအပြင် ဘာသာမျိုးစုံနဲ့ပါ ဘာသာပြန်ပြီးထုတ်ဝေထားတာတွေကို တွေ့မိကြမှာပါ။ ဒါပေမယ့် ဂျပန် Manga ကို ဂျပန်လို မူရင်းနဲ့ ဖတ်ရတာလောက် အရသာရှိမယ်မထင်ပါဘူး။

နောက်တစ်ခုက Manga ကနေ ဂျပန်စာလေ့လာသင်ယူမယ်ဆိုရင်တော့ ခုမှ စလေ့လာနေတဲ့ သူတွေအတွက် ခက်ခဲကောင်း ခက်ခဲမှာပါပဲ။ Manga ရဲ့ အဓိက ရည်ရွယ်ချက်ကိုက ဂျပန်နိုင်ငံထဲက စာဖတ်သူတွေအတွက် ထုတ်ထားတာဖြစ်ပြီးတော့ ဂျပန်ယဥ်ကျေးမှုကို နားမလည်နိုင် ခေါင်းရှုပ်သွားစေနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေအများကြီး ပါဝင်နေလို့ပါ။
Crystal Hunters စီးရီးအနေနဲ့က ဗားရှင်းနှစ်မျိုးထုတ်ပါတယ်။ “Japanese” နဲ့ “Japanese (Natural)” ပါ။
“Japanese” ဗားရှင်းက ခုမှ ဂျပန်စာကို လေ့လာနေတဲ့ စာဖတ်သူတွေအတွက်ထုတ်ထားတာပါ။ လွယ်တယ်ဆိုပေမယ့် တကယ်တမ်း လေ့လာတာ မကြာသေးတဲ့ သူတစ်ယောက်ဖတ်မယ်ဆိုရင်တော့ အားထုတ်ရမှာပါ။
“Japanese (Natural)” ဗားရှင်းကတော့ ဂျပန်စာဖတ်သူတွေအတွက်ပါ။ စီးရီးရဲ့ ပထမတွဲကိုတော့ အခမဲ့ပေးထားပါတယ်။ ဗားရှင်း နှစ်မျိုးလုံးအတွက်ပါ။ ဇာတ်လမ်းထဲမှာ ပါတဲ့ ဝေါဟာရတွေကို လေ့လာဖို့ ထုတ်နုတ်ပေးထားတာကလည်း ဂျပန်ဘာသာစကားလေ့လာနေတဲ့သူတွေအတွက် အထောက်အကူပြုတဲ့ အချက်တစ်ချက်ပါပဲ။
တကယ်က ဘာသာစကားတစ်ခုကို လေ့လာမယ်ဆိုရင် တတ်နိုင်သမျှ စာဖတ်များကြဖို့လိုပါတယ်။ လေ့ကျင့်ခန်းစာအုပ်တွေ၊ စာသင်ခန်းသုံးစာအုပ်တွေဖတ်နေတာထက်စာရင် ကိုယ်သင်ယူထားသလောက်နဲ့ ကိုက်ညီတဲ့ အပြင်စာတွေကို ဖတ်ပေးခြင်းက တတ်မြောက်တဲ့နှုန်းကို အတော်ကြီး အထောက်အကူပြုမှာပါ။
Platform: E-book
Cost: $2.99/book၊ တချို့အခန်းတွေက အခမဲ့ပါ။
TOKEITANGO
ဒါလေးကတော့ Apple Watch နာရီလေးတွေ သုံးတဲ့သူတွေအတွက် ထုတ်ထားတာပါ။ “Tokei” ဆိုတာက ဂျပန်လို နာရီလို့ အဓိပ္ပာယ်ရပြီး “Tango” ဆိုတာကတော့ စကားလုံးတွေပါ။ အဓိကကတော့ Apple Watch တွေမှာ ဂျပန်စကားလုံးတွေကို ပြသပေးတဲ့ App တစ်ခုဖြစ်ပါတယ်။ ဖန်ရှင်လည်း ခပ်စုံစုံပါ။

စကားလုံးတွေအနေနဲ့ ကတော့ (၉၀၀၀) ကျော်ထည့်သွင်းထားတယ်လို့ ဆိုပြီး၊ JLPT N5 ကနေ N1 အထိ ပါဝင်တယ်လို့ဆိုပါတယ်။ စာလုံးတွေကို အသံထွက်ဖတ်ပေးတဲ့ ဖန်ရှင်ပါဝင်ပေမယ့် Google လောက်နားထောင်ရတာ အဆင်မပြေပါဘူး။
Apple Watch အသုံးပြုနေတဲ့ ဂျပန်စာလေ့လာတဲ့ သူတစ်ယောက်ဆိုရင်တော့ စမ်းသပ်ကြည့်နိုင်ပါတယ်။
Platform: Apple Watch App
Cost: $4.99
極主夫道 THE WAY OF THE HOUSEHUSBAND
Anime နှစ်သက်သူတွေအတွက်ကတော့ ဒီဇာတ်လမ်းတွဲလေးက ကောင်းမှာပါ။ ယာကူဇာတွေပြောလေ့ပြောထရှိတဲ့ ဂျပန်စကားတွေနဲ့ ဝေါဟာရတွေကို ပေါပေါများများကြားရမှာ ဖြစ်ပါတယ်။
ဇာတ်ကောင် Tatsu ဟာ ယာကူဇာဘဝမှာတုန်းက သူ့ကို “Immortal Dragon” လို့ သမုတ်တာခံရပါတယ်။ ဒါပေမယ့် ယာကူဇာထဲက ထွက်ပြီးတဲ့နောက်မှာတော့ အိမ်မှာ ကလေးထိန်းလိုက်၊ ပန်းကန်ဆေးလိုက်နဲ့ အပြင်ထွက်အလုပ်လုပ်နေတဲ့ သူ့မိန်းမကို တစ်ဖက်ကနေ ကူညီပေးနေရပါတယ်။
ယာကူဇာဘဝတင်မဟုတ်ပဲ အိမ်ထောင်မှုထိန်းသိမ်းတဲ့နေရာမှာပါ တော်တဲ့ Tatsu ဟာ ကလေးတွေစားဖို့ ထမင်းဘူးအလှအပလေးတွေ (キャラ 弁べん) ကိုလုပ်ရာမှာတောင် ကျွမ်းကျင်လာတာပါ။
Platform: Netflix
Cost: Netflix Subscription
生活者としての 外国人 向け 私らしく 暮らすための 日本語ワークブック
ဒီစာအုပ်ကတော့ ဂျပန်နိုင်ငံထဲကို ရောက်နေတဲ့ နိုင်ငံခြားသားတွေအတွက် ဂျပန်စာသင်ကြားရေးစာအုပ်ပါ။ သင်ကြားရေးစာအုပ်ဆိုပေမယ့် အဓိကပါဝင်တာကတော့ လေ့ကျင့်ခန်းတွေဖြစ်ပြီး ဂျပန်လူမျိုး Volunteer တွေကနေ ပြုလုပ်ပေးတဲ့ အခမဲ့သင်ကြားရေးအဖွဲ့လေးတွေမှ အသုံးပြုဖို့ ရည်ရွယ်ပြီးထုတ်ထားတာပါ။

Japan Foundation က ညွှန်းတဲ့ Marugoto စာအုပ်တွေနဲ့ စီစဥ်ထားပုံချင်း ဆင်ပါတယ်။ အဓိကအားဖြင့် လက်တွေ့ကျတဲ့ ဂျပန်နိုင်ငံထဲက နေ့စဥ်ဘဝမှာ အသုံးပြုနေတဲ့ ဂျပန်စကားတွေကို မြန်မြန်ဆန်ဆန်သင်ယူပြီး နေ့စဥ်ဘဝမှာ အဆင်ပြေပြေနေနိုင်အောင် ပြုစုထားတာပါ။ Grammar ရှင်းလင်းချက်အချို့ပါဝင်ပေမယ့် သိပ်ပြီး အကျယ်တဝင့်တော့ မရှိပါဘူး။
Platform: Amazon.co.jp
Cost: ¥2,530
MINA LUNA JAPANESE
Youtube ဗီဒီယိုတွေကြည့်လေ့ရှိတဲ့ သူတွေအတွက် အဆင်ပြေမှာပါ။ Minami-san နဲ့ Luna-san ဆိုတဲ့ ကောင်မလေး နှစ်ယောက်က ထောင်ထားတဲ့ ချန်နယ်ဖြစ်ပါတယ်။
အဓိကကတော့ ဂျပန်နိုင်ငံထဲက နေရာလေးတွေ၊ ဂျပန်စကားအသုံးအနှုန်း အတိုလေးတွေကို သူတို့တင်ဆက်ပြတဲ့အတိုင်း ကြည့်ရှုကြရမှာပါ။ သူတို့နှစ်ယောက် ချန်နယ်စထောင်ဖြစ်တာလေးက စိတ်ဝင်စားစရာကောင်းပါတယ်။
Minami-san ကိုတော့ ဂျပန်နိုင်ငံ၊ Oita ပြည်နယ်မှာ မွေးတာဖြစ်ပြီး၊ Luna-san ကိုတော့ Nagano ပြည်နယ်မှာ မွေးတာပါ။ သူတို့နှစ်ယောက်က ကနေဒါနိုင်ငံမှာ တွေ့ဆုံခဲ့ကြပြီး သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ပြီးတော့မှ ခုလို ချန်နယ်ထောင်ဖို့အထိ ဖြစ်လာတာပါ။ ခုလောလောဆယ် နှစ်ယောက်စလုံး တိုကျိုမှာ နေပါတယ်။
မိန်းကလေးတွေ ထောင်ထားတဲ့ ချန်နယ်မို့ ဂျပန်နိုင်ငံထဲက ဂျပန်အမျိုးသမီးတွေ ဘယ်လို စဥ်းစားလေ့ရှိတယ်၊ ဘယ်လို အစကားအသုံးအနှုန်းတွေသုံးလေ့ရှိတယ် ဆိုတာတွေကိုပါ မြင်ရကြားရမှာပါ။
Platform: YouTube
Cost: Free!
HAMMER
ဂျပန်ဝေါဟာရတွေကို လေ့လာသင်ယူပြီး ပြန်လေ့ကျင့်နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဖန်ရှင်လည်း အတော်စုံစုံလင်လင်ပါဝင်ပါတယ်။

အဓိပ္ပာယ်ရှင်းလင်းချက်တွေကတော့ အင်္ဂလိပ်လိုပါဝင်ပါတယ်။ iOS၊ Android နဲ့ Website အကုန်လုံးအတွက် အသုံးပြုနိုင်ပါတယ်။
Platform: Web app, iOS app and Android app
Cost: Free!
SEIZE JAPANESE
နောက်ထပ် Youtube ချန်နယ်တစ်ခုပါ။ ဒါပေမယ့် Seize ချန်နယ်ကတော့ သက်တမ်းအနေနဲ့ (၇) နှစ်လောက်ရှိလာပါပြီ။
ဒီချန်နယ်လေးကို အဓိက တင်ဆက်နေတာကတော့ ဂျပန်စာသင်ကြားပေးတဲ့ ဆရာမ A Soma-san ပဲဖြစ်ပါတယ်။ သူက အင်္ဂလိပ်လည်း ကျွမ်းကျွမ်းကျင်ကျင်တတ်ပါတယ်။ သူ့ရဲ့ ဗီဒီယိုအတော်များများက ဂျပန်ယဥ်ကျေးမှု၊ ဂျပန်ထုံးစံတွေနဲ့ အတွေးအခေါ်တွေကို အင်္ဂလိပ်လိုရှင်းပြပေးနေတာပါ။
အဓိကအားဖြင့် ကိုယ်က အင်္ဂလိပ်ဘာသာစကား အားသာချက်ရှိပြီး၊ လက်ရှိ ဂျပန်ဘာသာစကားကို လေ့လာနေတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင် အတော်လေး အသုံးဝင်မှာပါ။
ဒီချန်နယ်ထဲမှာ ဗီဒီယိုအများအပြားရှိပြီးတော့ ဂျပန်အသံထွက်နဲ့ အသံနေအသံထားကိုပါ သင်ကြားပေးတဲ့ ဗီဒီယိုအများအပြားပါဝင်ပါတယ်။
Platform: YouTube
Cost: Free!