fbpx

ခါရေးအုဒုန်းခေါက်ဆွဲ (Curry Udon)

ဒီအစီအစဉ်ကနေ ခါရေးကို ကြိုက်နှစ်သက်တဲ့ ဂျပန်လူမျိုးတွေအကြား ရေပန်းစားတဲ့ အစားအစာတစ်ခု ဖြစ်တဲ့ ခါရေးအုဒုန်း ဘယ်လိုချက်ပြုတ်ပြင်ဆင်မလဲ ဆိုတာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

ခါရေးအုဒုန်း (Curry Udon) ဆိုတာက ခါရေး (Curry) ဟင်းအနံ့အရသာထည့်ထားတဲ့ အုဒုန်းခေါက်ဆွဲ ပါ။ အုမာမိ အရသာပါပြီးသား ခါရေးအနှစ် ကိုသုံးပြီး ချက်ပြုတ်ပါမယ်။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ကြက်သွန်နီ တစ်ခြမ်း (သို့) ၁၂၀ ဂရမ်
  • မုန်လာဥနီ တစ်ပိုင်း (သို့) ၆၀ ဂရမ်
  • ရှိအိတာကဲ မှို ၂ ပွင့်
  • ဂျပန်ကြက်သွန်မြိတ် ၄ ပုံ ၁ ပုံ
လိုအပ်သော ပါဝင်ပစ္စည်းများ

(ဒါရှိ အရသာရည်အတွက်)

  • ခါဆုအိုဘူရှိ ဒါမှမဟုတ် ဘိုနီတို ငါးခြောက်အဖတ် ၃၀ ဂရမ် (သို့) ၁ ကျပ်သားကျော်ကျော်
  • ရေ ၁၄၀၀ မီလီလီတာ (သို့) ရေ နို့ဆီဘူး ၅ လုံးကျော်ကျော်
  • ရှောယုဂျပန်ပဲငံပြာရည် စားပွဲဇွန်း ၄ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ခါရေးအမှုန့် စားပွဲဇွန်း တစ်ဝက်
  • ခါတာ့ခုရိခို အာလူးကော်မှုန့် စားပွဲဇွန်း ၃ဇွန်း
  • ပြုတ်ပြီးသား အုဒုန်း ခေါက်ဆွဲ ၆၀၀ ဂရမ် (သို့) ၃၆ ကျပ်သား

Time needed: 30 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ဟင်းရည်ကို ပြင်ပါ။

    ပထမဆုံး ဒါရှိ အရသာရည်ကို လုပ်ပါမယ်။ အိုးတစ်လုံးထဲ ရေထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာရင် ဘိုနီတို ငါးခြောက်အဖတ်ကို အိုးထဲထည့်ပြီး ၂မိနစ် ပြုတ်ပါ။ ပြီးရင် ဇကာနဲ့ ငါးခြောက်ဖတ်တွေကို ဖယ်ထုတ်လိုက်ပြီး ဒါရှိအရသာရည်ကို သီးခြား အိုး ဒါမှမဟုတ် ပန်းကန်လုံး တစ်လုံးထဲ လောင်းထည့်ထားပါ။

  2. အသီးအရွက်လှီးပါ။

    ကြက်သွန်နီကို သူ့အမြှောင်းအတိုင်း အလျားလိုက် ပါးပါးလှီးပါ။ မုန်လာဥနီကို ဗြက် ၁စင်တီမီတာနဲ့ အရှည် ၄စင်တီမီတာအရွယ် ထောင့်မှန်စတုဂံပုံစံ ပါးပါးလှီးဖြတ်ပါ။ ရှိအိတာကဲ မှိုရဲ့ ရိုးတံကို ပါးပါးလှီးပါ။ ဂျပန်ကြက်သွန်မြိတ်ကို ထောင့်ဖြတ်အတိုင်း ပါးပါးလှီးထားပါ။

  3. ခါရေးပြင်ပါ။

    ခါရေးအမှုန့်ကို ရေ စားပွဲဇွန်း ၁ဇွန်းထည့်ပြီး ရောမွှေပါ။ အာလူးကော်မှုန့်ကိုတော့ ရေ စားပွဲဇွန်း ၃ဇွန်းထည့်ပြီး နှံ့စပ်အောင် သေသေချာချာ မွှေပေးပါ။

  4. ဟင်းချိုရည်ကို တည်ပါ။

    လတ်ဆတ်တဲ့ ဒါရှိအရသာရည် ချက်ဖို့ သကြား၊ ဂျပန်ရှောယုပဲငံပြာရည်နဲ့ ဆားကို ထည့်ပါမယ်။ ကြက်သွန်မြိတ်က လွဲပြီး ကျန်တဲ့ ဟင်းသီးဟင်းရွက် အားလုံးကိုအိုးထဲထည့်ပြီး အိုးကို မီးအပူစပေးပါမယ်။ ဟင်းချို ဆူလာတဲ့အခါ နောက်ထပ် ၅မိနစ် ဆက်တည်ရပါမယ်။ ဟင်းချိုချက်နေတဲ့အချိန်မှာ တက်လာတဲ့ အမြှုပ်လေးတွေကို ခပ်ထုတ်ပေးပါ။

  5. အသီးအရွက်တွေထည့်ပါ။

    ဟင်းသီးဟင်းရွက်တွေ ကျက်သွားလောက်ချိန်မှာ ရေနဲ့ဖျော်ထားတဲ့ ခါရေးအနှစ်ကို ထည့်ပါ။ အဲဒီနောက် ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်တွေကိုထည့်ပြီး မီးပိတ်လိုက်ပါ။

  6. ကော်မှုန့်ထည့်ပါ။

    အာလူးကော်မှုန့်ကို နောက်တစ်ကြိမ် ထပ်ပြီး သေသေချာချာ မွှေပါမယ်။ ဟင်းချိုရည်ကို ယောက်ချိုနဲ့မွှေနေတုန်းမှာ အဲဒီအာလူးကော်မှုန့်ကို ထည့်လိုက်ပါ။

  7. မီးအေးအေးနဲ့ တည်ပါ။

    မီးပြန်ပေးပြီး ဟင်းချိုရည်ကို ဆက်မွှေပေးပါ။ ဟင်းချိုရည် ဆူပွက်လာရင် ပြုတ်ပြီးသား အုဒုန်းခေါက်ဆွဲကို ထည့်ပါမယ်။ ဟင်းချိုထပ်ဆူလာပြီဆိုရင်တော့ မီးပိတ်လို့ရပါပြီ။

  8. သုံးဆောင်လို့ရပါပြီ။

    ဒုံဘူရီ ဒါမှမဟုတ် ပန်းကန်လုံးအကြီးထဲမှာ အုဒုန်းခေါက်ဆွဲဖတ်ကိုထည့်ပြီး အပေါ်က ဟင်းချိုရည်နဲ့ဟင်းသီးဟင်းရွက်တွေ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။