fbpx

ဂျပန်နိုင်ငံရှိ နေထိုင်မှုစည်းမျဥ်းနှင့် အလေ့အထများ

ဂျပန်နိုင်ငံရှိ နေထိုင်မှုစည်းမျဥ်းနှင့် အလေ့အထများ

ဤဆောင်းပါးတွင် ဂျပန်နိုင်ငံတွင် နေထိုင်မှုစည်းမျဥ်းနှင့် အလေ့အထများကို မိတ်ဆက်ပေးပါမည်။

အမှိုက်စွန့်ပစ်နည်းနှင့် ဆူညံသံစသည်တို့မှာ ပတ်ဝန်းကျင်ရှိလူများကို ဒုက္ခဖြစ်စေနိုင်ပါသည်။ မိမိနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ကွာခြားချက်ကို သိရှိပြီး ဂျပန်နိုင်ငံ၏ နေထိုင်မှုဆိုင်ရာအလေ့အထများကို လိုက်နာကြရပါမည်။


အမှိုက်စွန့်ပစ်နည်း

●အခြေခံစည်းမျဉ်းများ

အမှိုက်အမျိုးအစားနှင့် ဒေသကိုလိုက်၍ အမှိုက်စွန့်ပစ်ရန်နေရာနှင့် နေ့ရက်မှာ ကွဲပြားသည်။ ဒေသ အသီးသီးတွင် စည်းမျဥ်းများရှိကြပြီး အဆိုပါစည်းမျဉ်းများကို မလိုက်နာပါက အမှိုက်သိမ်းဆည်းပေးမည် မဟုတ်ပါ။ အိမ်ပြောင်းရွေ့ပါက အမှိုက်နှင့်ပတ်သက်သောလမ်းညွှန်ချက်ကို ဖတ်ရှုရမည်။ လမ်းညွှန်ချက်ကို မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၏ အစိုးရရုံးသို့ ရွေ့ပြောင်းလာကြောင်းအကြောင်းစာ တင်ပြသည့်အချိန်နှင့် အိမ်ခြံမြေအကျိုးဆောင်တွင် အိမ်စာချုပ်ချုပ်ဆိုသည့်အချိန်တွင် ရယူနိုင်သည်။ စာတိုက်ပုံးထဲတွင် ထည့်ထားပေးသည့်အခါမျိုးလည်း ရှိသည်။


●အမှိုက်အမျိုးအစားဥပမာ

①လောင်ကျွမ်းနိုင်သောအမှိုက်

စက္ကူအမှိုက်၊ မီးဖိုချောင်ထွက်အမှိုက်၊ ဟင်းချက်ဆီ၊ အဝတ်အထည်၊ စက္ကူဒိုက်ဘာ၊ ရာဘာပစ္စည်း၊ သားရေပစ္စည်းများစသည်
※ဟင်းချက်ဆီကို ခဲဆေးဖြင့်ခဲအောင်လုပ်ခြင်း သို့မဟုတ် သတင်းစာစက္ကူစသည်တို့ဖြင့် စိမ်ပြီးမှ လွှတ်ပစ်ပါ။

②မလောင်ကျွမ်းနိုင်သောအမှိုက်

ကွဲနေသောပန်းကန်၊ ခွက်၊ သတ္တု၊ ဖန်များ

③ပြန်လည်အသုံးပြုနိုင်သော အမှိုက်

ပုလင်း၊ သံဘူး၊ သတင်းစာ၊ မဂ္ဂဇင်း၊ ပလပ်စတစ်ဘူး၊ ပလပ်စတစ်ပုလင်း၊ ကတ်ထူစက္ကူများ

④အကြီးစားအမှိုက်

အိမ်ထောင်ပရိဘောဂ၊ စက်ဘီး၊ ချည်စောင်များစသည်
※အများအားဖြင့် မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာသို့ ကြိုတင်အကြောင်းကြားရန် လိုအပ်သည်။ ထို့အပြင် သိမ်းဆည်းကြေးပေးရသည့်အခါမျိုးလည်းရှိသည်။

⑤အိမ်သုံးလျှပ်စစ်ပစ္စည်းအမှိုက်များ

အမျိုးမျိုးသောလျှပ်စစ်ပစ္စည်းများ

※အဲယားကွန်း၊ တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ အဝတ်အခြောက်ခံစက်များကို ထုတ်လုပ်သူအား သိမ်းဆည်းပေးရန် အကူအညီတောင်းပြီး “ပြန်လည်အသုံးပြုရေးလက်မှတ်” ကိုလည်း ဝယ်ယူရမည် ဖြစ်သည်။
※နားမလည်သည့်အရာများအား မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာတ္ငင် စုံစမ်းမေးမြန်းပါ။


●တရားမဝင် အမှိုက်စွန့်ပစ်ခြင်း

သတ်မှတ်မထားသည့်နေရာတွင် အမှိုက်ပစ်ပါက ပြစ်မှုမြောက်သည်။ သံဘူးအလွတ်များနှင့် ဆေးလိပ်တို များကို လမ်းပေါ်တွင် စွန့်ပစ်ခြင်း “လမ်းပေါ်တွင်အမှိုက်ပစ်ခြင်း” သည်လည်း ဥပဒေဆန့်ကျင်ခြင်းဖြစ်သည်။ ထို့အပြင် စွန့်ပစ်ထားသော စက်ဘီးကို ကောက်ယူ၍ မသုံးပါနှင့်။ တရားမဝင်ပါ။

【ကိုးကား】 ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုပါ

“အမှိုက်စွန့်ပစ်နည်း” ဂျပန်ဘာသာစကားသာလျှင် (အအိချိခရိုင် ယဉ်ကျေးမှုပေါင်းစုံ အတူယှဉ်တွဲနေထိုင်မှုမြှင့်တင်ရေးရုံး YouTube channel)

ဆူညံသံ

ဂျပန်နိုင်ငံတွင် ကျယ်လောင်သောအသံထွက်ခြင်းနှင့် အသံကျယ်ကျယ်ပြောခြင်းသည် ဘေးပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေသည်။ အထူးသဖြင့် တိုက်ခန်းများနှင့် ကွန်ဒိုစသည့် စုပေါင်းအိမ်ယာများတွင် ဆူညံသံမထွက်အောင် သတိထားပါ။

  • အခန်းတွင်းရှိ စကားသံ၊ ပျော်ပွဲရွှင်ပွဲ၊ ပါတီ၊ တီဗီနှင့် သီချင်းသံတို့ ကျယ်လောင်လွန်းပါက အိမ်နီးနားချင်းတို့အား အနှောင့်အယှက်ဖြစ်စေသည်။
  • မနက်အစောနှင့် ညနက်ပိုင်းတွင် အဝတ်လျှော်စက်နှင့် ဖုန်စုပ်စက်ကို အသုံးပြုသည့်အခါ တွင်လည်း အိမ်နီးနားချင်းတို့အား အနှောင့်အယှက်မဖြစ်စေရန် ဂရုပြုပါ။

【ကိုးကား】 ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုပါ

“ဆူညံသံ” ဂျပန်ဘာသာစကားသာလျှင် (အအိချိခရိုင် ယဉ်ကျေးမှုပေါင်းစုံ အတူယှဉ်တွဲနေထိုင်မှုမြှင့်တင်ရေးရုံး YouTube channel)

အိမ်သာ

အိမ်သာအသုံးပြုချိန်တွင် အိမ်သာအတွင်းရှိစက္ကူကို သေချာစွာသုံးပြီး အဆိုပါစက္ကူကို အိမ်သာအတွင်း ပစ်၍ ရေဆွဲချပါ။

※နိုင်ငံနှင့် ဒေသအလိုက် အသုံးပြုပြီးသောစက္ကူကို အိမ်သာအတွင်းရှိ အမှိုက်ပုံးတွင် စွန့်ပစ်လေ့ ရှိကြသော်လည်း ဂျပန်နိုင်ငံတွင်မူ သေချာပေါက် အိမ်သာအတွင်း ပစ်၍ ရေဆွဲချပါ။


လက်ကိုင်ဖုန်းအသုံးပြုခြင်း

  • အခြားလမ်းသွားသူများကို တိုက်မိ၍ ဒဏ်ရာရစေခြင်းများ ရှိသည့်အတွက် လက်ကိုင်ဖုန်းကြည့်ရင်း လမ်းမလျှောက်ပါနှင့်။
  • ကား၊ စက်ဘီးများကို မောင်းနှင်ရင်းဖြင့် လက်ကိုင်ဖုန်းအသုံးပြုခြင်းကို ဥပဒေအရ တားမြစ်ထားပါသည်။
  • မိုဘိုင်းလ်ဖုန်းကို အားသွင်းရန် အခြားသူများပိုင်ဆိုင်သော လျှပ်စစ်ဓာတ်အားကိုခွင့်မပြုဘဲမသုံးပါနှင့်။ဤကဲ့သို့လုပ်ရပ်တွေကို ဥပဒေအရ တားမြစ်ထားတယ်။

ရထားနှင့် ဘတ်စ်ကားအတွင်း

ရထားနှင့် ဘတ်စ်ကားအတွင်းတွင် အောက်ပါအချက်များကို ဂရုပြုပါ။

  • အသံကျယ်ကျယ်ဖြင့် စကားမပြောပါနှင့်။
  • လက်ကိုင်ဖုန်းဖြင့် စကားမပြောပါနှင့်။
  • သီချင်းသံကို ကျယ်လောင်စွာ နားမထောင်ပါနှင့်။
  • ယာဥ်အတွင်း လူကျပ်နေပါက ကျောပိုးအိတ်ကို ရှေ့တွင် လွယ်ပါ။

ရာဇဝတ်မှုကာကွယ်ခြင်း

ရာဇဝတ်မှု၏ သားကောင်မဖြစ်စေရန် အောက်ပါအချက်များကို ဂရုပြုပါ။

  • အပြင်ထွက်ချိန်တွင် ပြတင်းပေါက်နှင့် ဝင်ပေါက်များကို သော့သေချာခတ်ပါ။
  • ဆိုင်ကယ်၊ စက်ဘီးများကို ရပ်ထားချိန်တွင် သော့သေချာခတ်ပါ။
  • ဆိုင်ကယ်၊ စက်ဘီး၏ နောက်မှချဥ်းကပ်ပြီး အိတ်စသည်တို့ကို ခိုးယူသည့် “လုယူခြင်း” ဟူသည့် အမှုများရှိပါသည်။
  • ညအချိန်တွင် လူအသွားအလာနည်းသောလမ်းကို တတ်နိုင်သမျှ မသွားပါနှင့်။ ထို့အပြင် အချက်ပေးကိရိယာကို ယူဆောင်သွားပါ။