ဒီအစီအစဉ်ကနေ ခါရေးကို ကြိုက်နှစ်သက်တဲ့ ဂျပန်လူမျိုးတွေအကြား ရေပန်းစားတဲ့ အစားအစာတစ်ခု ဖြစ်တဲ့ ခါရေးအုဒုန်း ဘယ်လိုချက်ပြုတ်ပြင်ဆင်မလဲ ဆိုတာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
ခါရေးအုဒုန်း (Curry Udon) ဆိုတာက ခါရေး (Curry) ဟင်းအနံ့အရသာထည့်ထားတဲ့ အုဒုန်းခေါက်ဆွဲ ပါ။ အုမာမိ အရသာပါပြီးသား ခါရေးအနှစ် ကိုသုံးပြီး ချက်ပြုတ်ပါမယ်။
၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ
- ကြက်သွန်နီ တစ်ခြမ်း (သို့) ၁၂၀ ဂရမ်
- မုန်လာဥနီ တစ်ပိုင်း (သို့) ၆၀ ဂရမ်
- ရှိအိတာကဲ မှို ၂ ပွင့်
- ဂျပန်ကြက်သွန်မြိတ် ၄ ပုံ ၁ ပုံ
(ဒါရှိ အရသာရည်အတွက်)
- ခါဆုအိုဘူရှိ ဒါမှမဟုတ် ဘိုနီတို ငါးခြောက်အဖတ် ၃၀ ဂရမ် (သို့) ၁ ကျပ်သားကျော်ကျော်
- ရေ ၁၄၀၀ မီလီလီတာ (သို့) ရေ နို့ဆီဘူး ၅ လုံးကျော်ကျော်
- ရှောယုဂျပန်ပဲငံပြာရည် စားပွဲဇွန်း ၄ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခါရေးအမှုန့် စားပွဲဇွန်း တစ်ဝက်
- ခါတာ့ခုရိခို အာလူးကော်မှုန့် စားပွဲဇွန်း ၃ဇွန်း
- ပြုတ်ပြီးသား အုဒုန်း ခေါက်ဆွဲ ၆၀၀ ဂရမ် (သို့) ၃၆ ကျပ်သား
Time needed: 30 minutes
ကြိုတင်ပြင်ဆင်ရန်
- ဟင်းရည်ကို ပြင်ပါ။
ပထမဆုံး ဒါရှိ အရသာရည်ကို လုပ်ပါမယ်။ အိုးတစ်လုံးထဲ ရေထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာရင် ဘိုနီတို ငါးခြောက်အဖတ်ကို အိုးထဲထည့်ပြီး ၂မိနစ် ပြုတ်ပါ။ ပြီးရင် ဇကာနဲ့ ငါးခြောက်ဖတ်တွေကို ဖယ်ထုတ်လိုက်ပြီး ဒါရှိအရသာရည်ကို သီးခြား အိုး ဒါမှမဟုတ် ပန်းကန်လုံး တစ်လုံးထဲ လောင်းထည့်ထားပါ။
- အသီးအရွက်လှီးပါ။
ကြက်သွန်နီကို သူ့အမြှောင်းအတိုင်း အလျားလိုက် ပါးပါးလှီးပါ။ မုန်လာဥနီကို ဗြက် ၁စင်တီမီတာနဲ့ အရှည် ၄စင်တီမီတာအရွယ် ထောင့်မှန်စတုဂံပုံစံ ပါးပါးလှီးဖြတ်ပါ။ ရှိအိတာကဲ မှိုရဲ့ ရိုးတံကို ပါးပါးလှီးပါ။ ဂျပန်ကြက်သွန်မြိတ်ကို ထောင့်ဖြတ်အတိုင်း ပါးပါးလှီးထားပါ။
- ခါရေးပြင်ပါ။
ခါရေးအမှုန့်ကို ရေ စားပွဲဇွန်း ၁ဇွန်းထည့်ပြီး ရောမွှေပါ။ အာလူးကော်မှုန့်ကိုတော့ ရေ စားပွဲဇွန်း ၃ဇွန်းထည့်ပြီး နှံ့စပ်အောင် သေသေချာချာ မွှေပေးပါ။
- ဟင်းချိုရည်ကို တည်ပါ။
လတ်ဆတ်တဲ့ ဒါရှိအရသာရည် ချက်ဖို့ သကြား၊ ဂျပန်ရှောယုပဲငံပြာရည်နဲ့ ဆားကို ထည့်ပါမယ်။ ကြက်သွန်မြိတ်က လွဲပြီး ကျန်တဲ့ ဟင်းသီးဟင်းရွက် အားလုံးကိုအိုးထဲထည့်ပြီး အိုးကို မီးအပူစပေးပါမယ်။ ဟင်းချို ဆူလာတဲ့အခါ နောက်ထပ် ၅မိနစ် ဆက်တည်ရပါမယ်။ ဟင်းချိုချက်နေတဲ့အချိန်မှာ တက်လာတဲ့ အမြှုပ်လေးတွေကို ခပ်ထုတ်ပေးပါ။
- အသီးအရွက်တွေထည့်ပါ။
ဟင်းသီးဟင်းရွက်တွေ ကျက်သွားလောက်ချိန်မှာ ရေနဲ့ဖျော်ထားတဲ့ ခါရေးအနှစ်ကို ထည့်ပါ။ အဲဒီနောက် ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်တွေကိုထည့်ပြီး မီးပိတ်လိုက်ပါ။
- ကော်မှုန့်ထည့်ပါ။
အာလူးကော်မှုန့်ကို နောက်တစ်ကြိမ် ထပ်ပြီး သေသေချာချာ မွှေပါမယ်။ ဟင်းချိုရည်ကို ယောက်ချိုနဲ့မွှေနေတုန်းမှာ အဲဒီအာလူးကော်မှုန့်ကို ထည့်လိုက်ပါ။
- မီးအေးအေးနဲ့ တည်ပါ။
မီးပြန်ပေးပြီး ဟင်းချိုရည်ကို ဆက်မွှေပေးပါ။ ဟင်းချိုရည် ဆူပွက်လာရင် ပြုတ်ပြီးသား အုဒုန်းခေါက်ဆွဲကို ထည့်ပါမယ်။ ဟင်းချိုထပ်ဆူလာပြီဆိုရင်တော့ မီးပိတ်လို့ရပါပြီ။
- သုံးဆောင်လို့ရပါပြီ။
ဒုံဘူရီ ဒါမှမဟုတ် ပန်းကန်လုံးအကြီးထဲမှာ အုဒုန်းခေါက်ဆွဲဖတ်ကိုထည့်ပြီး အပေါ်က ဟင်းချိုရည်နဲ့ဟင်းသီးဟင်းရွက်တွေ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။