fbpx

ဆူရှီထမင်းလိပ် (Hosomaki)

ဂျပန်နိုင်ငံရဲ့ တမူထူးခြားတဲ့ အစားအစာဖြစ်တဲ့ ဆူရှီဟာ အရွယ်အစားအရရော၊ အမျိုးအစားအရပါ အမျိုးမျိုး ရှိပါတယ်။ ဒီကနေ့တော့ အိမ်တွေမှာ မကြာခဏ လုပ်စားလေ့ရှိတဲ့ ဟိုစိုမာ့ကိ ထမင်းလိပ်ကို ဘယ်လို လုပ်ရတယ်ဆိုတာကို ပြသပေးသွားပါမယ်။

ဟိုစိုမာ့ကိဆိုတာ ရှာလကာရည်နဲ့ နယ်ထားတဲ့ ထမင်းကို ရေညှိပြားပေါ်မှာ ဖြန့်ခင်းပြီး ကျစ်နေအောင် လိပ်ထားတဲ့ ဆူရှီပါ။ လိပ် ပြီးတော့မှ ၃ စင်တီမီတာ အရှည် အပိုင်းလေးတွေ လှီးရပါမယ်။


၄ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

(စူရှီ ထမင်း)

  • ထမင်း ၃၀၀ ဂ၇မ် (၁၈ ကျပ်သား)
  • ရေ ၄၀၀ မီလီမီတာ (နို့ဆီဘူး ၁ ဘူးခွဲကျော်ကျော်)

(ဆူရှီထမင်းချက်ရန် လိုအပ်သောပစ္စည်း)

  • ရှာလကာရည် စားပွဲဇွန်း ၃ ဇွန်း
  • သကြား စားပွဲဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
လိုအပ်သော ပါဝင်ပစ္စည်းများ

(ဂျပန် ကြက်ဥခေါက်ကြော်)

  • ကြက်ဥ ၁ လုံး
  • သကြား စားပွဲဇွန်း တစ်ဝက်
  • ဆားအနည်းငယ်
  • ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

(တူနာငါးမွှေ ပြုလုပ်ရန်)

  • စည်သွတ်တူနာငါးဘူး ၃၀ ဂရမ် (၂ ကျပ်သားခန့်)
  • သကြား စားပွဲဇွန်း တစ်ဝက်
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲဇွန်း တစ်ဝက်
  • ကင်ပြီးသား နိုရိရေညှိ ၁၀ ခု (အလျား ၂၀ စင်တီမီတာ၊ အနံ ၁၀ စင်တီမီတာ)
  • သခွားသီး တစ်ခြမ်း
  • တူနာငါးစိမ်းအလွှာ ၆၀ ဂရမ် (၄ ကျပ်သားခန့်)
  • အူမဲဘိုးရှိ ၁ လုံး (ရှာလကာရည်စိမ်ထားတဲ့ မက်မန်းသီး)
  • ဝါ့စာ့ဘိ
  • နှမ်းဖြူ
  • ဆီ

ပြုလုပ်ရန်ကြာချိန် 30 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ဆူရှီထမင်း ရအောင် နယ်ပါ။

    အရင်ဆုံး ဆူရှီထမင်း ဒါမှမဟုတ် ရှာလကာရည်နယ်ထားတဲ့ ထမင်းကို ပြင်ပါမယ်။ ဆူရှီ ထမင်းအတွက် ရှာလကာရည်ကတော့ ဆန်ရှာလကာရည်၊ သကြားနဲ့ ဆားကို ရောမွှေရင်ရပါပြီ။ ပြီးရင် ချက်ပြီးခါစ ထမင်းပေါ်ကို စက်ဝိုင်းပုံစံ‌ ဆူရီရှာလကာရည်ကို ဆမ်းလိုက်ပါ။ ၁ မိနစ် ၂ မိနစ်လောက်အတွင်းမှာ ထမင်းခဲတွေကို တစ်စိစီ ဖြစ်သွားအောင် ညင်ညင်သာသာလေး မြန်မြန်မွှေရင်း ထမင်းထဲကို ရှလကာရည်ဝင်အောင်ထည့်ပါ။ ထမင်းအငွေ့တွေ ပျယ်ပြီး အပူဓာတ်ပျောက်သွားတဲ့အထိ ထမင်းကို ပန်ကာလေနဲ့ အအေးခံထားပါ။ ထမင်းကို အထက်အောက် လှန်ပြီး အပူငွေ့ လုံးဝ မရှိတော့အောင် ပန်ကာနဲ့ နောက်တစ်ကြိမ် အအေးထပ်ခံပါ။ ပြီးရင် ထမင်းကို ခြောက်မသွားအောင် ပလတ်စတစ် အပါးစနဲ့ ထမင်းတွေကို ဖုံးအုပ်ထားရပါမယ်။

  2. ကြက်ဥခေါက်ကြော်ပါ။

    ကြက်ဥခေါက်ကြော်လုပ်ဖို့အတွက် ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥကို ဖောက်ထည့်လိုက်ပြီး၊ သကြား၊ ဆားနဲ့ ရေအားလုံးပေါင်းထည့်ပြီး သမအောင် မွှေပါ။ ပြီးရင် လက်ကိုင်ပါတဲ့ ဒယ်အိုးထဲမှာ ဆီပါးပါးလေးသုတ်ပြီး အိုးကို အပူပေးလိုက်ပါ။ အိုးပူလာရင် ခေါက်ထားတဲ့ ကြက်ဥကို တစ်ဝက်လောင်းထည့်လိုက်ပြီး အိုးအောက်ခြေတစ်ခုလုံး ပြန့်သွားအောင် အိုးကိုစောင်းပြီး လှည့်ပေးပါ။ ပြီးရင် အပူချိန်လျှော့ပြီးတော့ ကြော်ပါ။

  3. ကြက်ဥလိပ်ကို လှီးပါ။

    ကြက်ဥကို အောက်ကနေ ကော်ယူလို့ရလောက်အောင် ကျက်သွားတဲ့အချိန်မှာ ဂေါ်နဲ့ပါးပါးလေး လိပ်ယူလိုက်ပါ။ ကြက်ဥကို လိပ်ယူပြီးသွားရင် အိုးထဲကို ဆီထပ်သုတ်လိုက်ပြီး ကြက်ဥခေါက်ထားပြီးသား ကျန်တဲ့ တစ်ဝက်ကို လောင်းထည့်လိုက်ပါ။ ကြက်ဥကြော်ကို ကိုယ့်ဘက်ကို မြန်မြန်လေး လိပ်ယူရပါမယ်။ လိပ်ထားတဲ့ ကြက်ဥကို စဉ်းတီတုံးလိုမျိုး မျက်နှာပြင်ပြားပြားတစ်ခုပေါ်မှာ တင်လိုက်ပြီး ၁ စင်တီမီတာ စတုရန်းအရှည် အလိပ်လေး ဖြစ်အောင် လှီးရပါမယ်။

  4. ငါးမွှေလုပ်မယ်။

    တူနာ စိုဘိုရိုလို့ ခေါ်တဲ့ ငါးမွှေလုပ်ဖို့အတွက် အိုးတစ်လုံးထဲကို သကြား၊ ပဲငံပြာရည်နဲ့ ရေ ရောထည့်လိုက်ပါ။ ပြီးရင် တူနာငါးမှာရှိတဲ့ အရည်ဓာတ်တွေကို စက္ကူလက်ကိုင်ပဝါကိုသုံးပြီး စုပ်ယူ ဖယ်ရှားပါ။ အားလုံးရောထားတဲ့ အဲဒီတူနာ ငါး အိုးကို အပူချိန် အတော်လောက်နဲ့ တည်ပြီး အစိုဓာတ်တွေအားလုံး အငွေ့ပျံသွားအောင် စောင့်ရင်း မွှေပေးပါ။

  5. လှီးဖြတ်ပြင်ဆင်မယ်။

    သခွားသီးကိုလည်း ၁ စင်တီမီတာ စတုရန်းပုံ အ‌ချောင်းလေးတွေ လှီးထားပြီး တူနာငါးအသားစိမ်း စာရှီမိအလွှာလေးတွေကိုလည်း ၁ စင်တီမီတာ အထူလှီးထားပါ။ မက်မန်းသီးကိုလည်း အစေ့ထုတ်ထားပြီး လက်ချောင်းလေးတွေနဲ့ အပိုင်းပိုင်းလေးတွေ ဖြစ်အောင် လုပ်ထားပါ။ (ကိုယ်သုံးမယ့် နိုရိ ရေညှိဖတ်က အပြားကြီး ဖြစ်နေမယ်ဆိုရင် တစ်ဝက်ဖြစ်အောင် ပိုင်းဖြတ်ထားပါ။)

  6. လိပ်ဖို့ ပြင်ဆင်မယ်။

    ဂျပန်လို မာခီဆုလို့ ခေါ်တဲ့ ဝါးယင်းလိပ် သေးသေးလေးကို မျက်နှာပြင်ညီတဲ့ပေါ်မှာ ဖြန့်ခင်းပြီး ဆူရှီလိပ်လုပ်ဖို့ အဲဒီဝါးယင်းလိပ်လေးရဲ့ တစ်ဝက်လောက်ကနေ နိုရိရေညှိဖတ်ကို ခင်းထားရပါမယ်။ ဝါးယင်းလိပ် မရှိဘူးဆိုရင် အဲဒီအစား ပလတ်စတစ်အစကို သုံးပြီး လိပ်လို့ရပါတယ်။

  7. လှပအောင် လိပ်မယ်။

    ပန်းကန်လုံးတစ်လုံးထဲမှာ ရေထည့်ပြီး ရေစိုလက်ကိုင်ပဝါတစ်ခု ပြင်ဆင်ထားပါ။ ဆူရှီထမင်းလိပ် ၁၀ ခု လုပ်ပါမယ်။ လက်ကို ရေထဲမှာနှစ်ပြီး ရေစိုဝတ်နဲ့ သုတ်ရပါမယ်။ ထမင်းလိပ် တစ်လိပ်လုပ်ဖို့အတွက် ဆူရှီထမင်း ၇၀ ဂရမ် ကို ခပ်ပြီး ရေညှိဖတ်ပေါ်မှာ ညီညီလေး ဖြန့်ခင်းလိုက်ပါ။ တစ်ဘက်အခြမ်းကနိုရိကို ၂ စင်တီမီတာလောက် နေရာ ချန်ထားပါ။ ထည့်ရမယ့်ပစ္စည်းတွေကို ထမင်းရဲ့ အလယ်တည့်တည့်မှာ ဖြောင့်တန်းနေအောင် စီပြီး ထည့်ရပါမယ်။

  8. လိပ်နည်း

    လိပ်တဲ့အခါမှာ ကိုယ့်ရဲ့ လက်မနှစ်ဖက်နဲ့ ကိုယ့်ဘက်ခြမ်းက ဝါးယင်းလိပ်ကို မပြီး ယူရပါမယ်။ ကျန်တဲ့ လက်ချောင်းတွေက ပါဝင်ပစ္စည်းတွေကို ထိန်းကိုင်ထားရင်း ဝါးယင်းလိပ်လေးကို ကိုယ့်ဘက်က နိုရိအပြား အစွန်းနဲ့ တစ်ဖက်ကနိုရိရေညှိပြား အစွန်းကို ထပ်သွားအောင် ခေါက်လိုက်ပါ။ ခေါက်လိုက်တဲ့အခါ ပါဝင်ပစ္စည်းတွေက ထမင်းနဲ့ တစ်ပါတည်းပါလာအောင်ထိမ်းကိုင်ပြီး နိုရိရေညှိပြား အနားနှစ်ဖက်ညီအောင် ထပ်ရပါမယ်။ ပြီးရင် ခေါက်ထားတဲ့ ဝါးယင်းလိပ်ကို ညာဘက်လက်နဲ့ ထိမ်းထားရင်း ဘယ်ဘက်လက်နဲ့ ကိုယ့်ရဲ့ တစ်ခြား တစ်ဖက်က ဝါးယင်းလိပ်ကို ကိုယ်နဲ့ဆန့်ကျင်ဘက်ကို ဆွဲထုတ်ရပါမယ်။

  9. အဆာပလာတွေ

    ဝါးယင်းလိပ်ကို ဖွင့်လိုက်ပြီး ဆူရှီထမင်းလိပ်တစ်ခုလုံးကို နိုရိရေညှိအပြား ဖုံးမနေတဲ့နေရာကို သေချာအထဲဝင်အောင် ထပ်လိပ်ပါ။ သခွားသီး၊ ကြက်ဥခေါက်ကြော်၊ နှမ်းနဲ့ မက်မန်းသီးဆားစိမ်၊ ဝါ့စာ့ဘိထည့်ထားတဲ့ တူနာငါးစိမ်းနဲ့ စိုဘိုရို တူနာငါးမွှေ ၅ မျိုးကို သုံးပြီး အစာတစ်မျိုးကို ဟိုစိုမာကိ ထမင်းလိပ် ၂ ခုစီ ပြုလုပ်လို့ ရပါတယ်။

  10. သုံးဆောင်လို့ရပါပြီ။

    လိပ်ပြီးရင် ၃ စင်တီမီတာ အပိုင်းလေးတွေ လှီးဖြတ်ပါ။ မလှီးခင်မှာ ဓားကို အဝတ်စိုနဲ့ တစ်ကြိမ် သုတ်ရပါမယ်။ လှီးပြီးရင် ထမင်းလိပ်တွေကို ဘူးတစ်ခု ဒါမှမဟုတ် ပန်းကန်ပြား တစ်ခုပေါ်မှာ စီပြီး ထည့်လိုက်ပါ။