fbpx

စုကိယာ့ကိ (Sukiyaki)

ဒီတစ်ပတ်အစီအစဉ်မှာတော့ ဂျပန်မှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးဖြစ်တဲ့ “စုကိယာ့ကိ” (Sukiyaki) ဟင်းလျာ ချက်ပါမယ်။

စုကိယာ့ကိ ဆိုတာ အထူးသဖြင့် ထူးထူးခြားခြားအထိမ်းအမှတ်ပွဲတွေဆိုရင် အိမ်တွေမှာ မကြာခဏ ချက်စားလေ့ရှိတဲ့ ဟော့ပေါ့ဟင်းလျာ တစ်မျိုးပါ။ ဒီဟင်းလျာကို ပုံမှန်အားဖြင့် အမဲသားနဲ့ ချက်လေ့ရှိပေမယ့် ဒီနေ့တော့ အမဲသားအစား ကြက်သားကို အသုံးပြု ချက်ပြုတ်သွားမှာပါ။


၄ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • ၃၀၀ ဂရမ် ရှိတဲ့ အရိုးထွင်ပြီးသား ကြက်ပေါင် ၁ ပေါင် (၁၈ ကျပ်သား)
  • ဂျပန်ကြက်သွန်မြိတ် ၂ ပင်
  • ရှီအိတာကဲမှို ၄ ပွင့်
  • ပဲပြား ၃၀၀ ဂရမ် ၁ တုံး (၁၈ ကျပ်သား)
  • ရှီရာ့တာ့ကိလို့ခေါ်တဲ့ ဝဥနဲ့ လုပ်ထားတဲ့ ခေါက်ဆွဲ ၂၀၀ ဂရမ် ၁ ထုပ် (၁၂ ကျပ်သား)
ပါဝင်ပစ္စည်းများ
  • ကြက်ဥ ၄ လုံး (ဝါရိရှီတာ့ အချိုရည်အတွက်)
  • ပဲငံပြာရည် စားပွဲဇွန်း ၄ ဇွန်း (၆၀ မီလီလီတာ)
  • သကြား ၃၀ ဂရမ် (၂ ကျပ်သားခန့်)
  • ရေ ၂၀၀ မီလီလီတာ (နို့ဆီဘူး တစ်ဘူး မရှိတရှိ)

ပြုလုပ်ရန်ကြာမြင့်ချိန် 20 minutes

ကြိုတင်ပြင်ဆင်ရန်

  1. ဝါရိရှိတာ့ ကိုပြင်ဆင်မယ်။

    ပထမဆုံး ဝါရိရှိတာ့ လို့ခေါ်တဲ့ စုကိယာ့ကိ အချိုရည် လုပ်ပါမယ်။ ပဲငံပြာရည်၊ သကြားနဲ့ ရေကို ဒယ်အိုးတစ်လုံးထဲမှာ ထည့်မယ်။ ပြီးရင် အပူပေးပြီးတော့ မွှေမယ်။ သကြားပျော်သွားပြီဆိုရင် မီးပိတ်လိုက်ပါမယ်။

  2. အသားနဲ့ အသီးအရွက်တွေကို လှီးမယ်။

    နောက်ပြီးတော့ ဟင်းလျာထဲ ထည့်မယ့် ပစ္စည်းတွေကို လှီးပါမယ်။ ကြက်သားက အဆီပိုတွေကို ဓားနဲ့ လှီးထုတ်ရပါမယ်။ အဲဒီအဆီကို ဟင်းချက်ဖို့အတွက် နောက်ပိုင်းမှာ ပြန်သုံးဖို့ သိမ်းထားပါ။ ပြီးရင် စဉ်းနီတုံးပေါ်မှာ ကြက်သားရဲ့ အရေပြားကို အောက်ဘက်ကထားပြီးတော့ ဖြန့်ခင်းထားပြီး အသားပါးတဲ့ အလယ်နေရာလောက်ကနေ တစ်ဝက် လှီးလိုက်မယ်။ ပြီးရင် အဲဒီကြက်သားကို အလျားထားပြီး ထောင့်ဖြတ် စောင်းစောင်းလေးနဲ့ ပါးပါးလေး လှီးထားပါမယ်။ ကြက်သားအလွှာတစ်ခုချင်းစီကို ၅ မီလီမီတာ အထူလောက်လှီးရင် အတော်ပါပဲ။

  3. ပဲပြားနဲ့ ကြက်သွန်မြိတ်လေးတွေကို လှီးမယ်။

    ဂျပန်ကြက်သွန်မြိတ်ကို ၃ စင်တီမီတာအရှည်လေးတွေ လှီးပါမယ်။ ပြီးရင် ရှီအိတာကဲ မှိုတွေကို ရိုးတံဖြုတ်ပြီး မှိုပွင့်ကို ဓားနဲ့ တစ်ဝက်လောက်ကနေ ထောင့်ဖြတ်ပုံစံလေးတွေ လှီးထားပါမယ်။ ပဲပြားကို ၃ စင်တီမီတာ လောက်တုံးပြီး ထု က ၂ စင်တီမီတာလောက်အရွယ် အတုံးသေးသေးလေးတွေ လှီးထားပါ။

  4. ပြုတ်မယ်။

    ဆန်ကာတစ်ခုထဲမှာ ရှီရာ့တာကိလို့ခေါ်တဲ့ ဝဥနဲ့ လုပ်ထားတဲ့ ခေါက်ဆွဲကို ရေစစ်ထားပြီး ၁၀ စင်တီမီတာ အရှည်လောက် ဖြတ်ထားပါ။ ပြီးရင် အိုးတစ်လုံးထဲမှာ ရေနွေးဆူအောင်တည်ပြီး ရှီရာတာ့ကီကို ၂ မိနစ်လောက် ထည့်ပြုတ်ပါ။ ပြုတ်ပြီးရင် ရေစစ်ထားပါ။

  5. မီးဖိုပြင်ဆင်မယ်။

    ထမင်းစားပွဲပေါ်မှာ စားပွဲတင် ဂတ်စ် မီးဖိုဆင်ထားပါ။ အောက်ခြေပြားတဲ့ ဒယ်အိုး ဒါမှမဟုတ်လည်း လက်ကိုင်ပါတဲ့ ဒယ်အိုးကို အဲဒီဂတ်စ်မီးဖိုပေါ်မှာ တင်ပြီး အပူပေးပါမယ်။ ဒယ်အိုးထဲကို စောစောက ဖယ်ထားတဲ့ ကြက်ဆီအနည်းငယ် ထည့်လိုက်ပါမယ်။ တကယ်လို့ ကြက်ဆီမရှိရင်လည်း အဲဒီအစား ဟင်းရွက်ဆီကို သုံးနိုင်ပါတယ်။ ကြက်ဆီက အပူကြောင့် ပျော်သွားပြီ ဆိုရင် အိုးမျက်နှာပြင် တစ်ခုလုံး ဖြန့်ပါမယ်။ အဲဒီနောက် အိုးထဲကို ကြက်သွန်မြိတ် တစ်ဝက်လောက် ထည့်လိုက်ပါမယ်။

  6. စချက်မယ်။

    ကြက်သွန်မြိတ်က အညိုရောင် ဖျော့ဖျော့လေး ဖြစ်လာပြီဆိုရင် ကြက်ဆီတွေကို ခပ်ထားပြီး မီးပိတ်လိုက်ပါ။ ကြက်သွန်မြိတ်ကို အိုးတစ်နေရာမှာ စုလိုက်ပြီး ရှီအိတာကဲမှို၊ ပဲပြားနဲ့ ဝ ဥ ခေါက်ဆွဲတွေကို သူ့အစုလိုက်နဲ့ သူ အိုးထဲမှာ စီထည့်လိုက်ပါမယ်။ ပြီးရင်တော့ အဲဒီဟင်းချက်ပစ္စည်းတွေရဲ့ တစ်ဝက်လောက်မြုပ်တဲ့ အထိ ဝါရိရှိတာ့ အချိုရည်ကို လောင်းထည့်ပါ။ အပူချိန်အတော်လောက်နဲ့ ချက်ပါမယ်။

  7. အသားလွှာတွေထည့်မယ်။

    အချိုရည် ပွက်လာပြီဆိုရင် အပူချိန်ကို လျှော့လိုက်တာမျိုးမဟုတ်ဘဲ သေချာစောင့်ကြည့်ရင်း ကြက်သားလွှာတွေကို တစ်ခုချင်းစီ ထည့်ပါမယ်။ ကြက်သားတစ်ဝက်လောက် ဒယ်အိုးထဲ ထည့်ပြီးပြီဆိုရင် ၄ မိနစ်ကနေ ၅ မိနစ်အထိ ချက်ပါ။

  8. သုံးဆောင်နိုင်ပါပြီ။

    တစ်ယောက်စာ ပန်းကန်လုံးတစ်လုံးစီမှာ ကြက်ဥတစ်လုံးစီ ခေါက်ထည့်ပြီး ပြင်ဆင်ထားပါမယ်။ ပြီးရင် ဒယ်အိုးထဲက ချက်ပြီးသား အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို ကြက်ဥ အစိမ်းခေါက်ထားတာနဲ့ တို့ပြီးစားလို့ရပါတယ်။ ကြက်ဥအစိမ်းနဲ့ စား မစားကတော့ ရွေးချယ်လို့ ရပါတယ်။ ကြက်ဥ လတ်လတ်ဆတ်ဆတ် မရတာမျိုး ဒါမှမဟုတ် ကြက်ဥအစိမ်း မကြိုက်တာမျိုးဆိုရင် ဒီဟင်းလျာကို ကြက်ဥ မပါဘဲနဲ့စားနိုင်ပါတယ်။ ကျက်ပြီးသား အသားတွေ ဟင်းသီးဟင်းရွက်တွေ စားလိုက်လို့ နည်းလာရင် နောက်ထပ် အသားတွေ ဟင်းသီးဟင်းရွက်တွေနဲ့ ဝါရိရှီတာ့ အချိုရည် ထပ်ထည့်ပြီး ချက်နေရင်းနဲ့ စားလို့ရပါတယ်။