fbpx

ကမာကောင်ကြော်

ဒီအစီအစဉ်မှာ ဂျပန်လို “kaki furai” လို့ခေါ်တဲ့ ကမာကောင်ကြော် ချက်ကြပါမယ်။

ယိုရှိုးကု လို့ခေါ်တဲ့ အနောက်တိုင်းအစားအစာ အရိပ်အငွေ့ လွှမ်းမိုးနေတဲ့ လူကြိုက်များတဲ့ ကမာကောင် အကြွပ်ကြော်ကို အတူ ပြင်ဆင်ချက်ပြုတ် ကြရအောင်။

ကမာကောင် (Oyster)

အခုရာသီချိန်ထွက်ဖြစ်တဲ့ ကမာကောင်ကို ပေါင်မုန့် အခြောက်မုန့်ကပ်ပြီး ဆီအိုးထဲမှာ ကြွပ်နေအောင် ကြော်ထားပါတယ်။ အဲဒီကမာကြော်ကို တို့စားဖို့ တာာတာဆော့စ် ဘယ်လို လုပ်သလဲဆိုတာကိုပါ တင်ဆက်ပေးမှာပါ။


၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • အခွံခွာပြီးသား ကမာကောင် ၁၆ ကောင်
  • ဆားအနည်းငယ်
  • ငရုပ်ကောင်းအနည်းငယ်
  • ကြက်ဥ ၁ လုံး
  • ဂျုံအနည်းငယ်
  • ပေါင်မုန့်ခြောက်မှုန့် အနည်းငယ်
  • အကြော်ဆီ အနည်းငယ်
  • ဂေါ်ဖီ ၁၀၀ ဂရမ် (၆ ကျပ်သား)
  • သံပုရာရည် အနည်းငယ်
  • Worcester ဆော့စ် အနည်းငယ် 

Time needed: 30 minutes

ကြိုတင်ပြင်ဆင်ရန်

  1. တာတာဆော့စ်ကို အရင်ဆုံး လုပ်ပါမယ်။

    အနီရောင်ကြက်သွန်နဲ့ သခွားသီးကို နုပ်နုပ်စင်းထားပါ။ ရေစ ဆူတော့မှ ကြက်ဥထည့်ပါ။ ကြက်ဥ မကျက်တကျက် ပြုတ်ဖို့အတွက်ဆိုရင် ရေနွေးဆူလာမှ ကြက်ဥထည့်ပြီး ၁၂ မိနစ်၊ ၁၃ မိနစ်လောက် ပြုတ်ရင် ရပါတယ်။ ပြီးရင် ကြက်ဥကို အခွံခွာ၊ ကြက်ဥ အနှစ်နဲ့ အကာကို သီးသန့်ခွဲထားပါ။ ကြက်ဥ အကာအဖြူကို နုပ်နုပ်စင်းထား၊ အနှစ်ကိုလည်း အဲဒီလို လုပ်ထားပါ။

  2. ဆော့စ်ကို နှံ့အောင် မွှေပေးရပါမယ်။

    ပြီးရင် မယောနိစ် ထည့်ထားတဲ့ ပန်းကန်လုံးထဲကို နုပ်နုပ်စင်းလှီးထားတဲ့ ပါဝင်ပစ္စည်းအားလုံးကို ထည့်လိုက်ပြီး မွှေပါ။ ပြီးရင် ဆား တစ်ပွင့် နှစ်ပွင့်လောက်နဲ့ ငရုပ်ကောင်း နည်းနည်းစီ ထည့်ပါ။

  3. ဂေါ်ဖီလှီးပါမယ်။

    ဂေါ်ဖီကို ၅ စင်တီမီတာလောက်လေးတွေ ပါးပါးရိတ်ရိတ်ကလေး လှီးပါမယ်။ အရင်ဆုံး ဂေါ်ဖီရွက်တွေရဲ့ ရွက်ကြောတစ်လျှောက်ကို ကန့်လန့်ဖြတ်လှီးလိုက်ပြီး ၅စင်တီမီတာ ထောင့်မှန်စတုဂံပုံ အပိုင်းလေးတွေ လှီးလိုက်ပါ။ ပြီးရင် အဲဒီ ထောင့်မှန်စတုဂံပုံ လှီးထားတဲ့ ဂေါ်ဖီ အလွှာချပ်လေးတွေကို ၃ စင်တီမီတာထိ ဆင့်ထပ်လိုက်ပြီး တစ်ဖက်တည်းကနေ တတ်နိုင်သလောက် ဖြည်းဖြည်းနဲ့ ရိတ်ရိတ်လေးတွေ လှီးရပါမယ်။

  4. ရေစိမ်ထားပါ။

    ပြီးရင် အဲဒီဂေါ်ဖီမျှင်မျှင်လေးတွေကို ရေအေးထည့်ထားတဲ့ ဇလုံထဲမှာ စိမ်ထားပါ။ ကြွပ်ကြွပ် တောင့်တောင့်လေးတွေ ဖြစ်လာပြီဆိုရင် ဆန်ခါထဲ ထည့်ပြီး ရေတွေကို စစ်ထုတ်လိုက်ပါ။ သံပုရာသီးကို စိပ်ထားပါ။

  5. ကမာကောင်လေးတွေကို ဆေးပါ။

    ကမာကောင်တွေရဲ့ အရသာ မပျက်အောင် ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ထားတဲ့ ရေ ၁ လီတာထဲမှာ ကမာကောင်တွေကို ဆေးပါ။ ရေထဲမှာ ကမာကောင်တွေကို ဖွဖွလေး ဆေးပါ။ အခွံမာတဲ့ ကမာကောင်တွေ ရှိနေသေးရင် ဂရုတစိုက် ဖယ်ထုတ်ပါ။

  6. ကမာကောင်လေးတွေကို ဆားထည့်ပါ။

    ပြီးရင် ဆန်ခါထဲမှာ ကမာကောင်တွေကို ရေစစ်လိုက်ပါ။ အဲဒီနောက် စက္ကူတစ်ရှူးတစ်ရွက်ပေါ်မှာ ကမာကောင်တွေကို တင်လိုက်ပါ။ နောက်စက္ကူတစ်ရွက်ကို အဲဒီကမာကောင်တွေပေါ်ကို ထပ်တင်လိုက်ပြီး အစိုဓာတ်တွေကို စုပ်ယူလိုက်ပါ။ ပြီးရင် ကမာကောင်တွေပေါ်ကို ငရုပ်ကောင်းနည်းနည်း ဖြူးထားပါ။

  7. ဂျုံမှုန့်လူးပါ။

    အဲဒီနောက် ကမာကောင်ကို ဖြူးဖို့အတွက် ဂျုံ၊ ကြက်ဥနဲ့ ပေါင်မုန့်ခြောက်အမှုန့် အသီးသီးကို ပန်းကန်လုံးတွေ ဒါမှမဟုတ် လင်ပန်းတွေထဲမှာ ထည့်ပြီး ပြင်ဆင်ထားပါ။ အရင်ဆုံး ပန်းကန်လုံးအသေးတစ်လုံးထဲမှာ ကြက်ဥတစ်လုံးကို ဖောက်ထည့်၊ ရေစားပွဲဇွန်းတစ်ဇွန်း ထပ်ထည့်ပြီး သမအောင် မွှေထားပါ။ ပြီးရင် ကမာကောင်တွေကို တစ်ကောင်ပြီးတစ်ကောင် ဂျုံမှုန့်ထဲမှာ လူးလိုက်ပါ။ ကမာကောင် အနားသားလေးတွေအထိ ဂျုံမှုန့်တွေ ကပ်နေအောင် သေချာ လူးပါ။

  8. ပေါင်မုန့်ခြောက်မှုန့် ကပ်ပါ။

    ပြီးရင် ခေါက်ထားတဲ့ ကြက်ဥထဲမှာ ဂျုံမှုန့်လူးထားတဲ့ ကမာကောင်တွေကို နှစ်လိုက်ပြီး လင်ဗန်းထဲမှာ ဖြန့်ခင်းထားတဲ့ ပေါင်မုန့်ခြောက်မှုန့်ပေါ်မှာ တစ်ကောင်ပြီးတစ်ကောင် စီပြီး တင်လိုက်ပါ။ ပြီးရင် ကမာကောင်တွေအားလုံးကို ပေါင်မုန့်ခြောက်မှုန့်တွေ နှံ့နေအောင် သေချာ လူးပါ။

  9. ကြော်မည်။

    ဒယ်အိုးထဲမှာ ဆီအများကြီးထည့်ပြီး အပူပေးပါ။ ဆီရဲ့ အပူချိန်ကို ၁၇၀ ဒီဂရီ ဆဲလ်ဆီးယက်စ် ကနေ ၁၇၅ ဒီဂရီ ဆဲလ်ဆီးယက်စ် အထိ ပူလာအောင် စောင့်ပါ။ ပေါင်မုန့်ခြောက်မှုန့်ကို ဆီအိုးထဲ ထည့်ကြည့်လို့ ပူစီပေါင်းသေးသေးလေးတွေ ဖြစ်လာပြီဆိုရင် ပေါင်မုန့်ခြောက်မှုန့်ကပ်ထားတဲ့ ကမာကောင်တွေကို တစ်ကောင်ချင်း ထည့်လိုက်ပါ။ တစ်ခါထဲနဲ့ ကမာကောင်တွေအားလုံး ထည့်လိုက်ရင် ဆီအပူချိန် လျော့ကျသွားနိုင်ပါတယ်။ အဲဒါကြောင့် ကမာကောင်တွေကို အများကြီး မထည့်မိဖို့ ဂရုစိုက်ပါ။

  10. ဆီစစ်ပါ။

    ဆီအိုးမျက်နှာပြင်ပေါ်ကို ပေါ်လာပြီး ပူစီဖောင်းတွေလည်း အကြီးကြီးတွေ ဖြစ်လာပြီ၊ ရွှေညိုရောင်လည်းပြောင်းလာပြီဆိုရင် ဆီအိုးထဲကနေ ကမာကောင်ကြော်တွေကို ဆယ်ယူလိုက်ပါ။ ကမာကောင်တွေကို ဆယ်ယူပြီးရင် ပိုနေတဲ့ ဆီတွေကို စစ်ထားပြီး ကမာကောင်ကြော်တွေကို စက္ကူတစ်ရှူးခင်းထားတဲ့ လင်ပန်းထဲမှာ စီထည့်လိုက်ပါ။

  11. သုံးဆောင်နိုင်ပါပြီ။

    ခါကိ ဖူရာ့အိ လို့ခေါ်တဲ့ ကမာကောင်ကြော် ၄ ကောင်ကို စီစီရီရီလေးထည့်ပြီး ဂေါ်ဖီနဲ့ သံပရာသီးကို ဘေးဘက်မှာ ထည့်လိုက်ပါမယ်။ တာတာဆော့စ်နဲ့ Worcester ဆော့စ်ကိုလည်း သီးသန့် ပန်းကန်လုံး သေးသေးတွေနဲ့ ထည့်ပြီး ခါကိဖူရာ့အိနဲ့ တွဲဖက် စားသုံးနိုင်ပါတယ်။