fbpx

Hokkaido မှ ထင်ရှားသော‌နေရာများ

ဆာပိုးရိုး (Sapporo) ကတော့ ဟိုကိုင်းဒိုးရဲ့ အကြီးမားဆုံးမြို့ဖြစ်ပါတယ်။ “ဆာပိုးရိုးနှင်းပွဲတော်” “Sapporo Snow Festival” ဆိုတာ ဂျပန်ပြည်တွင်းသာမကပဲ နိုင်ငံခြားအထိပါနာမည်ကြီးပါတယ်။ အစားအသောက်တွေအနေနဲ့ကတော့ ဆာပိုးရိုးခေါက်ဆွဲ၊ ကာရီဟင်းရည်၊ သိုးသားဘာဘီကျူ (Genghis Khan)အပြင် အချိုတည်းစရာတွေနဲ့ အတော်စုံလင်ပါတယ်။

အိုတရု (Otaru) မှာရှိတဲ့ ‌တူးမြောင်းနံဘေးက အိမ်လေးတွေ၊ အဆောက်အဦးလေးတွေကတော့ သမိုင်းဝင်တာများပါတယ်။ ဖန်ထည်၊ ဆူရှီတွေဟာလည်း နာမည်ကြီးပါတယ်။

ဟကိုးဒတဲ (Hakodate) ကတော့ ဟိုကိုင်းဒိုးရဲ့ တောင်ဘက်မှာရှိပါတယ်။ ဟကိုးဒတဲတောင်ကနေမြင်ရတဲ့ ညရှုခင်းကတော့ ဂျပန်တစ်နိုင်ငံလုံးရဲ့ အလှဆုံး ညဘက်ရှုခင်းတွေ (၃) ခုထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ထူးထူးခြားခြား ခရစ်ယာန်ချာချ်ဘုရားကျောင်းတွေ၊ အနောက်တိုင်းပုံစံအဆောက်အဦးတွေနဲ့ ဂျပန်ထဲမှာ ကွဲပြားတဲ့ မြင်ကွင်းတစ်ခုဖြစ်နေတာပါ။ ယခင်က ဆိပ်ကမ်းမြို့ဖြစ်ခဲ့တဲ့ ‌ပုံရိပ်အနေနဲ့ ကုန်လှောင်ရုံတွေ၊ အုတ်နီအဆောက်အဦးတွေနဲ့ ထူးခြားလှပါတယ်။

ဖုရာနော့ (Furano) လို့ပြောရင်တော့ လာဗင်ဒါပန်းခင်းကြီးတွေက ထိပ်ဆုံးကနေ ပါလာတာပါပဲ။ အဲ့ဒီအထဲက နာမည်အကြီးဆုံးကတော့ Tomita ခြံဥယျာဥ်ပါပဲ။

ဘိအဲအိ (Biei) မြို့ကတော့ တောင်တန်းတွေ၊ ပန်းခင်းတွေနဲ့ စိမ်းစိုနေတဲ့ သစ်တောတွေကြောင့် ဂျပန်နိုင်ငံက အလှပဆုံးရွာလေး‌တွေ “Most Beautiful Villages in Japan Association” ထဲမှာ စာရင်းဝင်ပါတယ်။

ဆောင်းဦးရွက်ကြွေချိန်မှာ Sounkyo Gorge ရဲ့ မြင်ကွင်းကတော့ ရင်သပ်ရှုမောစေမှာပါ။

ဟိုကိုင်းဒိုး (Hokkaido) ကတော့ ဂျပန်ရဲ့ မြောက်ဘက်အကျဆုံးပါပဲ။ ကျယ်ပြန့်တဲ့ မျက်စိတဆုံးကွင်းပြင်ကျယ်ကြီးတွေ၊ စိုက်ခင်းတွေ၊ သဘာဝတောင်တောင်တွေကတော့ ပင်လယ်ဝန်းရံပြီးတည်ရှိနေတာပါ။

ပင်လယ်စာတွေဟာလည်း လတ်ဆတ်ပြီး ပေါပေါများများရပါတယ်။ ဟိုကိုင်းဒိုးမှာ ဖမ်းမိတဲ့ ဂဏန်းတွေဟာဆိုရင် အအေးပိုင်းဖြစ်တာမို့ အကောင်အတော်ကြီးပါတယ်။ ဆာရှိမိလတ်လတ်ဆတ်ဆတ်ကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။